နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဖုဒ္ဓဿ

Thursday, 11 April 2013


မြတ်ဗုဒ္ဓသိထားတဲ့ တလောကလုံးအတွက် အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား(၁)။

ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ
ပဲ ဒီတရား ပေါ်ထွန်းလာရမယ်။ ဗုဒ္ဓ မပေါ်ထွန်းရင်၊ ဒီတရား မရှိရဘူး၊ ဒီ သဘာဝ တရားက
အမြဲတမ်း ရှိနေတာပါ။ တလောကလုံးအတွက် အမြဲတမ်း မှန်ကန်နေတဲ့ သဘာဝ တရားပါ။
ဗုဒ္ဓဘုရား အလောင်းတော်ဟာ ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းမြတ်နှင့် မိဖုရားကြီးဖြစ်
တဲ့ မဟာမာယာဒေ၀ီတို့ ၏ သားတော် ဖြစ်ပါတယ်။ (၁၆) နှစ် အရွယ်ရောက်သောအခါ ဒေဝ
ဒဟပြည့်ရှင်၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေး
သောင်း အခြွေအရံ များနှင့်တကွ၊ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားတော် မူခဲ့ပါတယ်။
အဲဒီလို ကာမဂုဏ် အာရုံများဖြင့် ပျော်မွေ့ နေစဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်းစတဲ့ သံဝေဂ
ရစရာတွေတွေ့ မြင်ပြီးဒီကာမဂုဏ်တွေကို သိမ်းပိုက်နေတာ မတော်ဘူးလို့  ဆင်ခြင်မိပါတယ်။
မိမိကိုယ်တိုင်က အိုတတ်၊ နာတတ်၊ သေတတ်သောသဘော ရှိတဲ့အတွက် မအို၊ မနာ၊ မသေ
မပျက်တတ်တဲ့ တရားကို ရှာကြံဖို့  ဆုံးဖြတ်လိုက်ပါတယ်။
လူသားဖြစ်တဲ့ ဗုဒ္ဓဟာ အခုရှိတဲ့ လူသားတွေနဲ့  အတူတူပါ၊ ဒီ သဘာဝ အမှန်ကို ဗုဒ္ဓက
အကျင့်တရား အမှန်နဲ့ ပထမဆုံး တွေ့  ရှိ့တာဟာ (ဘ၀အဆက်ဆက် ပါရမီ) သူများထက်
ဉာဏ်ထူးချွန်ထက်မြက်မှု၊ လုံလ ၀ီရိယ ကြိုးစားအားထုတ်မှု၊ စိတ်ဓါတ် အင်အားကြီးမားမှု၊
တို့ ကြောင့်ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ သိထားတဲ့ သဘာဝဖြစ်စဉ်ကြီး နှစ်ရပ်ရှိပါတယ်။ (၁)ရုပ်ဖြစ်စဉ်ခေါ်တဲ့ သဘာ
ဝကြီး ဖြစ်စဉ်တစ်ရပ်၊ (၂) နာမ်ဖြစ်စဉ်ခေါ်တဲ့ သဘာဝဖြစ်စဉ်ကြီး တစ်ရပ်တို့  ဖြစ်ကြတယ်။
အဲဒီတရားကို အကျင့်မှန် လမ်းမှန် မသိတဲ့သူက မတွေ့ ပါ။ ဗုဒ္ဓ အလောင်းတော် သိဒ္ဓတ္ထက
တော့ အကျင့်မှန် လမ်းမှန်ကို ကျင့်တဲ့အတွက် ဒီသဘာဝ အမှန်ကို ရှင်းရှင်းလင်းလင်းကြီး
တွေ့ ၊ သိ၊ မြင်သွားပါတယ်။ တွေ့ လိုက်တာနဲ့  တစ်ပြိုင်နက် သူ့ သန္တာန်က လောဘ၊ ဒေါသ၊
မောဟ ငြိမ်းသွားပါတယ်။ အဲဒီ ကိလေသာတွေ ငြိမ်းသွားတော့ ဆင်းရဲ ငြိမ်းသွားပါတယ်။
ဒီသဘာဝရဲ့  တရားကို ဗုဒ္ဓလို နည်းမှန်လမ်းမှန်နဲ့  ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တိုင်း သိမြင်နိုင်ပါ
တယ်။ ဟိန္ဒူ ဗြာဟ္မဏတွေရော နည်းမှန်လမ်းမှန်အတိုင်း ကျင့်ကြံရင် သိ၊ မြင် နိုင်ပါတယ်။
မူဆလင်တွေ နည်းမှန်လမ်းမှန် ကျင့်ကြံရင် သိနိုင်ပါတယ်၊ ခရစ်ယာန်တွေ ကျင့်ကြံရင်လည်း
သိနိုင်ပါတယ်။ ဒီသဘာဝတရားကို မြတ်ဗုဒ္ဓ ပိုင်တဲ့တရား မဟုတ်ပါ။ သဘာဝကပဲ ပိုင်ပါတယ်
သို့ သော် ဗုဒ္ဓရှင်တော်မြတ်က စတင် တွေ့ ရှိတာဖြစ်လို့  စတင်တွေ့ ရှိတဲ့ ပုဂ္ဂိုလ်ကို အစွဲပြုပြီး
ဗုဒ္ဓတရားတော်လို့  ခေါ်ကြတာပါ။ ဗုဒ္ဓမြတ်စွာဟာ နတ်လဲမဟုတ်၊ ဗြဟ္မာလဲမဟုတ်၊ လူသား
စင်စစ် ဘုရားပါ။ ဒီဗုဒ္ဓ တရားတော်များကို လူသားအားလုံး ကျင့်နိုင်၊ သိနိုင်မှ အကျိုးရှိမယ်။
ဘယ်လို အယူဝါဒမျိုးပဲ ယူနေယူနေ ဒီအကျင့်လမ်းကို အကျင့်မှန်၊ နည်းလမ်းမှန်နဲ့  ကျင့်ရင်
သိနိုင် ရနိုင်ပါတယ်။
မန္တလေးကနေပြီး ရန်ကုန်ကိုသွားတဲ့ မီးရထားကို စီးသွားမယ်ဆိုရင် လမ်းဆုံးတာနဲ့  ရန်
ကုန်ဘူတာ ဆိုက်ရောက်မှာပါ။ တရုတ်စီးရင်လဲ ရောက်မှာပါ။ ကုလားစီးရင်လဲ ရောက်မှာပါ။
မြန်မာစီးရင်လဲ ရောက်မှာပါ။ ရန်ကုန်ကိုသွားတဲ့ မီးရထားကိုသာ မှန်အောင်တက်စီး ရောက်
မှာကတော့ ရန်ကုန်ပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ကျင့်နည်းမှန်ဖြင့် လိုရာခရီး ရောက်နိုင်ကြပါစေ။ ။
{ချမ်းမြေ့ ဆရာတော်၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်ကို ကိုးကားပါသည်။}
-------------------------------------------------------------------------------------------
“သင်တန်းဖွင့်ကြစို့”
============
တို့သာသနာ၊ တို့ဘာသာကို
မျက်နှာလွှဲထား၊ မကြိုးစားက
တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့
ဘာသာတအား၊ တည်တံပွားအောင်
တို့များညီညာ၊ လက်တွဲကာဖြင့်
ဓမ္မ တရား၊ စာပေများကို
သင်ကြားကျင့်သုံး ကြပါစို့။ ။
---------
“တို့လိုအပ်သည်။”
==========
ဘာသာအသိ၊ ဗလာရှိတော့
အားပျော့ခြံတိုင်၊ မတ်မခိုင်ဘဲ
ယိုင်လဲဖြိုကာ၊ တွန်းဝင်လာငြား
မိစ္ဆာမှားယူ၊ ထိုထိုသူတို့ကြောင့်.....
တို့ရဲ့ဘာသာ၊ သာသနာဟာ..
“ခြံမခိုင်လို့၊ ငိုမှာလား...?”
“ငေးငိုင်နေလို့၊ ငိုမှာလား...?”
ထိုသို့အခြေ၊ မဖြစ်လေအောင်
ဓမ္မ ဓမ္မ၊ စကူးလ်ကမှ
အခြေကျကျ၊ ဘ၀လှပြီး
ဆိုးစကိုဖယ်၊ ကောင်းဖွယ်ကိုကျင့်
ကြိုးစားနှင့်တော့၊ ရင့်ကျက်သိမှန်
အမှန်သိကာ၊ နောင်လာမျိုးဆက်
အကျိုးတွက်ကို................
တို့လိုလူကြီး....................
သတိကြီးစွာ၊ ဆောင်ရွက်ပါမှ
ဘာသာဂုဏ်ရောင်၊ ထွန်းပြောင်လာမည်။
ရင်မှာကိုယ်စီ .. သိစေသတည်း။
ရင်မှာကိုယ်စီ .. ရှိစေသတည်း။
( သိဒ္ဓိမောင်ဆွမ်းလောင်း၊ လက်ကမ်းစာစောင်မှ)
-----------------------------------------------------
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)

သင်္ကြန်ရက်အတွင်း လူ့ပြည်သို့ သိကြားမင်း ဆင်း-မဆင်း

 

“ရှင်ရေဝတရဲ့ အမေးသုံးပါးအနက် ပထမအမေးဖြစ်တဲ့ သင်္ကြန်ရက်ွင်း လူ့ပြည်သို့ သိကြားမင်း ဆင်းမဆင်းဆိုတာဟာ သင်္ကြန်စာက လာတာ ဖြစ်ပါလိမ့်မယ်”
“သင်္ကြန်စာက ဘယ်လိုလာပါသလဲ ဘုရား”
“သင်္ကြန်စာက လာပုံက ဒီလိုကွယ့်၊ လူ့ပြည်မှာ အဟာသင်္ကြန်ကျတယ် ဆိုတာ နှစ်တစ်နှစ် ကုန်ဆုံးသွားတာကို ဆိုလိုတယ်၊ နှစ်တစ်နှစ် ဘယ်လို ကုန်ဆုံးသွားတယ်ဆိုတာ အကျဉ်းပြောရလျှင် ကောင်းကင်မှာ နေ-လ-နက္ခတ်-တာရာတွေထဲက လမ်းစဉ်မပျက် ခရီးမှန်မှန်သွားတက်တဲ့ ကြယ်တွေကို နက္ခတ်လို့ခေါ်တယ်၊ အဲဒီနက္ခတ်တွေဟာ
(၁) အသဝတီ၊ (၂) ဘရဏီ၊ (၃) ကြက္ကိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊ (၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁)ပြုဗ္ဗဇလဂုနီ၊ (၁၂) ဥတ္တရာဖလဂုနီ၊ (၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မူလ၊ (၂၀) ပြုဗ္ဗသာဠ်၊ (၂၁) ဥတ္တရာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) သတဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြဗိုဒ်၊ (၂၆) ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ-ရယ်လို့ ၂၇ လုံးရှိတယ်။
ဒီ ၂၇ လုံးသော နက္ခတ်တွေဟာ ကောင်းကင်အဝန်းမှာ အကွာအဝေး အညီအမျှတည်ပြီး လက်ယာရစ်သွားနေကြတယ်၊ နေမင်းကလည်း ကောင်းကင်မှာ သူ့လမ်းနှင့်သူ သွားနေယတ်၊ ဒီလို နေမင်းနှင့် နက္ခတ်ယှဉ်ပြိုင်သွားကြတဲ့အခါ နက္ခတ်ကမြန်ပြီး နေမင်းက အသွားနှေးတယ်၊ နက္ခတ် ၂၇-လုံးဟာ တစ်လုံးနှင့်တစ်လုံး အကွာအဝေး လေးဖို့တစ်ဖို့ကို ပါဒ်လို့ခေါ်တယ်၊ နက္ခတ် ၂၇-လုံး တစ်လုံးလေးပတ်ဆိုတော့ ပါဒ်ပေါင်း - ၁၀၈-ပါဒ်ရှိတယ်၊ နက္ခတ်ဟာ နေနှင့်ယှဉ်ပြိုင်သွားရာမှာ ရက်ပေါင်း ၃၀-လွန်လျှင် နေကို ပိုးပတ်လွန်သွားတယ်၊ တန်ခူးလမှာ အသဝနီနက္ခတ်နှင့် ယှဉ်ပြေးတဲ့နေဟာ ရက် ၃၀လွန်လျှင် အသဝနီ လေးပတ်၊ ဘရဏီ လေးပတ်၊ ကြတ္တိကာ တစ်ပတ်အားဖြင့် ကိုးပတ်လွန်သွားတယ်၊ အဲဒီ ကိုးပတ်သော နက္ခတ်ရဲ့ သဏ္ဌာန်ဟာ ဆိတ်ရုပ်နှင့်တူလို့ မိဿရာသီလို့ခေါ်တယ်၊ မိဿရာသီကစပြီး တစ်လလျှင် ကိုးပတ်၊ ကိုးပတ် နက္ခတ်က လွန်လွန်သွားလိုက်တာ ရက်ပေါင်း ၃၆၅-ရက် တစ်နှစ်စေ့တော့ မိန်ရာသီအဆုံး ရေဝတီနက္ခတ်နှင့်ယှဉ်တယ်။
ရေဝတီအဆုံး နက္ခတ်နှင့်ယှဉ်ပြီးတော့ အစက ယှဉ်ခဲ့တဲ့ အသဝနီ နက္ခတ် ပထမပတ်နှင့် ယှဉ်ပြိုင်တဲ့အချိန်ကို သင်္ကြန်ကျတဲ့အချိန်လို့ခေါ်တယ်၊ အဲဒီအချိန်ကို သင်္ကြန်စာက ဘယ်လိုရေးသလဲဆိုတော့ ဘာဏုရာဇမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ခုနစ်မျိုးသော အဝတ်တန်ဆာတို့တွင် တစ်မျိုးမျိုးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ကျွဲရဲစသောသတ္တဝါ ခုနစ်ကောင် အနက် တစ်ကောင်ကောင်ကိုစီး၍ လက်တစ်ဖက်ကား ပန်း၊ လက်တစ်ဖက်က ရေချမ်းအိုးပိုက်လျက် ထက်ဝယ်ဖွဲ့၍ အရှေ့ကသည် တောင်သို့ ဝင်၏လို့ ရေးထားတယ်၊ သင်္ကြန်စာကရေးတဲ့ တနင်္ဂနွေဂြိုလ်မင်းဆိုတာ (နေ) ကို တင်စားရေးတာပါ၊ အဲဒါကို လူတွေက သိကြားမင်းထင်ပြီး သင်္ကြန်တွင်းအခါ သိကြားမင်း လူ့ပြည်ဆင်းတယ်လို့ ပြောနေခြင်းမျှသာ ဖြစ်ပါတယ်၊ အမှန်စင်စစ် သိကြားမင်းဆင်းလာတာ မဟုတ်ပါဘူးကွယ်”
“ဒီလိုဆို သိကြားမင်းက လူ့ပြည်ကို ဘယ်တော့မှ ဆင်းမလာတော့ဘူးလား ဘုရား”
“ဘယ်တော့မှ ဆင်းမလာတော့ဘူးလို့တော့ မပြောနိုင်ဘူး၊ လာသင့်လျှင် လာတဲ့ဝတ္ထုတွေ ရှိတယ်၊ ဒွါဒသနိပါတ် မဟာကဏှဇာတ်မှာ သိကြားမင်း လူ့ပြည် ဆင်းလာကြောင်း ပြထားတယ်ကွယ့်”
“မှန်ပါ - အဲဒီ မဟာကဏှဇာတ်ကို အတိုချုပ် အမိန့်ရှိပါဦး ဘုရား”
“မဟာကဏှာဇာတ် အတိုချုပ်က - ကဿပဘုရားရှင် သာသနာ နောက်ပိုင်းမှာ ရဟန်းတွေရော၊ လူတွေရော တရားပျက်ကြတယ်၊ ကုသိုလ်တရား ပွားများသူနည်းပါးပြီး အကုသိုလ်မှုပြုတဲ့ လူတွေ များပြားလာတယ်၊ ဒါကြောင့် လူတွေ သေတိုင်းသေတိုင်း နတ်ပြည်ကို မရောက်ကြဘူး၊ အပါယ်လေးဘုံချည်း သွားကြသတဲ့၊ ဒီအကြောင်း သိကြားမင်းကသိလို့ လူတွေခြိမ်းခြောက်ပြီး သာသနာပြုမှ တော်တော့မှပဲလို့ဆိုပြီး မာတလိနတ်သားကို ခွေးနက်ကြီးယောင်ဆောင်စေတယ်၊ သူက မုဆိုးယောင်ဆောင်ခဲ့တယ်၊ ခွေးနက်ကြီးကို ကြိုးနှင့်ချည်ပြီး သူက ဆွဲကိုင်ထားတယ်၊ ခွေးနက်ကြီးက ဘယ်လောက်ကြီးသလဲဆိုတော့ အာဇာနည်ဆင်ကြီးလောက် ကြီးသတဲ့၊ ခွေးနက်ကြီးက ဟောင်တော့ လူတွေက ထိတ်လန့်ကြတယ်၊ ခွေးနက်ကြိးမဝင်နိုင်အောင် မြို့ရိုးတံခါးတွေ ပိတ်ထားပေမယ့် မြို့ရိုးကို ခုန်ဝင်သကြတဲ့၊ ခွေးဟောင်သံကြောင့် လူတွေပုန်းနေကြတယ်။
ဥသီကာမင်းကတော့ ပြာသာဒ်ထက်ကနေပြီး မုဆိုးယောင်ဆောင်လာတဲ့ သိကြားမင်းကို သင့်ခွေးကြီး ဘာလို့ဟောင်တာလဲလို့ မေးတယ်၊ ဆာလို့ဟောတာပါလို့ ပြန်ပြောတော့ မင်းက နန်းတွင်းမှာရှိတဲ့ ထမင်းတွေ ချကျွေးစေတယ်၊ ကျွေးသမျှစားပြီး ဟောတာပဲတဲ့၊ ဒီအခါ မင်းက ဒီခွေဟာ ခွေးစင်စစ်မဟုတ်၊ ဘီလူးဖြစ်ရမယ်၊ လာတဲ့အကြောင်း မေးမှ တော်မှာပဲလို့
“အို-မုဆိုးကြီး၊ သင့်ခွေးဟာ ဘယ်လောက်ကျွေးကျွေး ဝတယ်မရှိဘူး၊ ဟောင်တာပဲ၊ ဘာကြောင့် ဒီလောက်ဟောင်ရတာလဲ” လို့ မေးသတဲ့၊
ဒီအခါ သိကြားမင်းက
“ငါ့ခွေးဟာ အစာကို စားလိုလို့ ဟောင်တာမဟုတ်ဘူး၊ လူသားစားလိုလို့ ဟောင်တာဖြစ်တယ်” လို့ ပြန်ပြောတယ်၊
မင်းက
"အို - မုဆိုးကြီး၊ သင့်ခွေးဟာ လူတိုင်းရဲ့အသားကို စားသလား၊ ဒါမှမဟုတ် ရန်သူရဲ့ အသားကို စားသလား” လို့ မေးတယ်၊
သိကြားမင်းက
“လူတိုင်းရဲ့ အသားကို မစားပါဘူး၊ ရန်သူရဲ့ အသားကိုသာ စားကြောင်း” ပြန်ပြောတယ်၊
“ရန်သူဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုတာလဲ” လို့ မင်းက ပြန်မေးတော့
သိကြားမင်းက
“မင်းကြီး၊ မတရားမှုပြုလုပ်သူဟာ ရန်သူဖြစ်တယ်” လို့ ပြန်ပြောတယ်၊
မင်းကြီးက
“မတရားမှုဆိုတာ ဘယ်လိုအမှုတွေပါလဲ” လို့ မေးသတဲ့၊
သိကြားမင်းက
“မင်းကြီး - ရဟန်းဖြစ်ပါလျက်နှင့် ရဟန်းအလုပ်ကို မလုပ်ဘဲ လူများကဲ့သို့ စိုက်ပျိုးရေးအလုပ် လုပ်နေပါလျှင်၊ ငွေတိုးပေးစားနေပါလျှင်၊ ဗေဒင်ဟော၊ ဆေးကု လုပ်နေပါလျှင် ထိုရဟန်းဟာ ရန်သူဖြစ်တယ်၊
အဲဒီရဟန်းယုတ်ရဲ့အစားကို ငါ့ခွေးက စားလိ့မ်မယ်၊
လူသားများဟာလဲ အိုးမင်တဲ့မိဘများကို ကိုယ်က ကျွေးမွေးနိုင်ပါလျက် မကျွေးမွေးခဲ့လျှင်၊ သူတစ်ပါးမယား ပြစ်မှားခဲ့လျှင်၊ သူတစ်ပါးပစ္စည်း ခိုးယူ လုယက်ခဲ့ပါလျှင်၊ မိန်းမ ကြူးခဲ့ပါလျှင်၊ သူတစ်ပါးအပေါ် လှည့်ပတ်ညာဖျန်းစားသောက်ခဲ့ပါလျှင် ထိုသူဟာ ရန်သူဖြစ်တယ်၊ ထိုရန်သူရဲ့ အသားကို ငါ့ခွေးက စားလိမ့်မယ်” လို့ပြောပြီး သူ့ကို သိကြားမှန်းသိစေတယ်။
အဲဒီနောက် သိကြားမင်းက အို-မင်းမြတ်၊ ငါဟာ သိကြားနတ်မင်း ဖြစ်တယ်၊ လူတွေပျက်စီးလို့ ငါလာခြင်းဖြစ်တယ်၊ ဒီကနောက် တရားပျက်သူကို ခွေးစာ ကျွေးရလိမ့်မယ် လို့ သတာရဟ လေးဂါထာနှင့် တရားဟောသတဲ့ကွယ်၊ အဲဒီလို သိကြား ခြိမ်းခြောက်ပြီး ပြုထားတဲ့သာသနာဟာ အနှစ်တစ်ထောင် တည်တယ်လို့ မဟာကဏှာဇာတ်တော်မှာ ဆိုတယ်၊ ဒါကြောင့် သိကြားမင်းဟာ လူ့ပြည်ကို မလာတာတော့မဟုတ်၊ လာသင့်တဲ့အခါ လာတယ်၊ ဒီအကြောင်းကို စတုက္ကနိပါတ် အဋ္ဌကထာ (တ) ၁၂၆-မှာ-
တဒါ သက္ကော ဒေဝရာဇာ ကေ နု ခေါ လောကေ မာတာပိတရော ဥပဋ္ဌဟန္တိ၊ ကုလေ ဇေဋ္ဌာ ပစာယနကမ္မံ ကရောဟ္တိ၊ ဒါနံ ဒေန္တိ၊ သီလံ ရက္ခန္တိ၊ ဥပေါသထကမ္မံ ကရောန္တိ၊ ကေ ပဗ္ဗာဇိတာ သမဏဓမ္မေ ယုတ္တာ ပယုတ္တာ ဝိဟရန္တိ၊ ကေ အနာစာရံ စရန္တိ တိလောကံ ဝေါလေကောန္တော -
လို့ ဖွင့်ပြထားတယ်၊ မြန်မာလိုကတော့ ထိုအခါ သိကြားမင်းက လူ့ပြည်၌ အဘယ်သူတို့သည် မိဘတို့ကိုလုပ်ကျွေးကြသလဲ၊ အမျိုး၌ ကြီးသောသူတို့ကို အရိုအသေပြုကြသလဲ၊ အလှူပေးကြသလဲ၊ သီလမစောင့်ကြသလဲ၊ ဥပုသ်စောင့်ကြသလဲ၊ အဘယ်ရဟန်းများ ရဟန်းတရားအားထုတ်ကြသလဲ၊ အဘယ်ရဟန်းများ မကျင့်အပ်သကို ကျင့်ကြသလဲလို့ လူ့ပြည်ကို ပစ်မထားဘဲ အမြဲစောင့်ကြည့်ပြီး သူကိုယ်တိုင်လာသင့်လျှင် လာတယ်လို့ မှတ်သင့်တယ်ကွယ့်”
“မှန်ပါ - သိကြားမင်း လာတယ်ဆိုတာတော့ သိရပါပြီ၊ သိကြားမင်းမှ တစ်ပါး အခြားနတ်များ လူ့ပြည့်ဆင်းပြီး ကုသိုလ်စာရင်းကောက်တယ်ဆိုတာ ဟုတ်ပါသလား ဘုရား”
“ဟုတ်ပါတယ်၊ လူ့ပြည်ကိုဆင်းပြီး စာတုမဟာရာဇ်နတ်များ စာရင်းကောက်ကြောင်း အင်္ဂုတ္တရတိကနိပါတ် စာတုမဟာရာဇသုတ်မှာ ဘုရားဟောရှိတယ်ကွယ့်”
“မှန်ပါ - အဲဒီအကြောင်းကိုလဲ တိုတိုအမိန့်ရှိပါဦး ဘုရား”
“လဆန်း ရှစ်ရက်၊ လဆုတ် ရှစ်ရက်နေ့များမှာ နတ်မင်းကြီး လေးယောက်တို့ရဲ့ အလုပ်အကျွေးအနတ်များ လူ့လောကကို လှည့်လည်ပြီး အမိ အဖတို့အပေါ် ကောင်းစွာ ပြုကျင့်ကြရဲ့လား၊ ရဟန်းတော်များအပေါ် ကောင်းစွာ ပြုကျင့်ကြရဲ့လား၊ အမျိုးထဲမှ ကြီးတဲ့သူများကို အရိုအသေပြုကြရဲ့လား၊ ဥပုသ်နေ့မှာ ဥပုသ်စောင့်ကြရဲ့လား၊ ဒါနမှု ပြုကြရဲ့လားလို့ စုံစမ်းသတဲ့ကွယ်၊ လကွယ်နေ့ရောက်ခဲ့လျှင် နတ်မင်းကြီးများရဲ့ သားတော်များ ကိုယ်တိုင်ဆင်းပြီး လှည့်လည် စုံစမ်းသတဲ့၊ လပြည့်နေ့ရောက်ခဲ့လျှင် နတ်မင်းကြီး လေးယောက်တို့ကိုယ်တိုင် လူ့ပြည်လှည့်လည်ပြီး စုံစမ်းသတဲ့၊ အကယ်၍ ကောင်းမှုပြုသူနည်းပါးတယ်ဆိုလျှင် သုဓမ္မာအစည်းအဝေးမှာ နတ်များကို တိုင်ကြားသတဲ့၊ အဲဒီအခါ နတ်တွေဟာ နှလုံးမသာမယာကြဘူးတဲ့၊ ကောင်းမှုပြုသူများဆိုလျှင် နတ်တွေက ဝမ်းမြောက်ကြသတဲ့၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဤလို ဘုရားဟောလာရှိတဲ့အတွက် သိကြားမင်းမှတစ်ပါး နတ်သားများ လူ့ပြည့်လာရောက်ပြီး ကုသိုလ်စားရင်း၊ အကုသိုလ်စာရင်း ကောက်တယ်ဆိုတာကို အမှန်ယုံကြည်သင့်တာပေါ့ကွယ်”
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများမှ...

Tuesday, 4 October 2011

မြတ်စွာဘုရားရှင်၏နေ့စဉ်ပြုလုပ်ဆောင်ရွက်တော်မူသောပုဗ္ဗကိစ္စ ( ၅ ) မျိုး


“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံး အကျိုးစီးပွားများစေရန် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာရသည်”

မိမိတစ်ဦးတည်းအကျိုးအတွက် ဆိုရပါမူ ဘုရားရှင်သည် ဖလသမာပတ်ဝင်စား၍ ချမ်းသာစွာ နေတော်မူနိုင်သော်လည်း နေတော်မမူအား သတ္တ၀ါများအတွက် မနေမနား ကြိုးစားတော်မူသည်။ ဘုရားရှင်၏ နေ့စဉ် ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းစဉ် (ဗုဒ္ဓကိစ္စငါးပါး)ကို လေ့လာကြည့်လျှင်ပင် သတ္တ၀ါများအပေါ် ထားတော်မူသော မဟာကရုဏာတော်ကို အလွယ်တကူပင် တွေ့မြင်ရမည်ဖြစ်၏။

တစ်နေ့တာအချိန်ကို ငါးပိုင်းပိုင်း၍ သူ့အချိန်နှင့်သူ မလစ်လပ်စေရအောင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်တော်မူသည်။ နံနက်ခင်း လုပ်ငန်း၊ ဆွမ်းစားပြီးချိန် လုပ်ငန်း၊ ညဉ့်ဦးယံ လုပ်ငန်း၊ သန်ခေါင်ယံ လုပ်ငန်း၊ မိုးသောက်ယံ လုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ် လုပ်ငန်းစဉ်များကို ငါးပိုင်း ပိုင်း၍ နေ့စဉ်ဆောင်ရွက်တော်မူသည်။

(က) ပုရေဘတ္တကိစ္စ = နံနက်ခင်း လုပ်ငန်းစဉ်

မြတ်စွာဘုရားရှင်သည် အရုဏ်တက်ချိန် စောစော အိပ်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူသည်။ ထို့နောက် ဂန္ဓကုဋီတိုက်ခန်းသို့ ပြန်လည်ဝင်တော်မူပြီး သမာပတ်ဝင်စားကာ ခဏမျှ ချမ်းသာစွာနေတော်မူသည်။ ထို့နောက် ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံတော်မူပြီး တစ်ခါတစ်ရံ ကိုယ်တော်တစ်ပါးတည်း၊ တစ်ခါတရံ သံဃာတော်များ ခြံရံလျက် ဆွမ်းခံကြွတော်မူသည်။ ထိုသို့ ကြွတော်မူသောအခါ၌လည်း တစ်ခါတရံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်း၍လည်းကောင်း၊ တစ်ခါတရံ ပကတိသဘာဝအတိုင်းလည်းကောင်း ကြွတော်မူသည်။

မြတ်စွာဘုရားကြွတော်မူလေရာတိုင်း ပါရမီတော်ကြောင့် ခလုတ်တံသင်း ဆူးငြှောင့် နှောက်ယှက်ခြင်းမရှိ၊ ကမူချိုင့်ဝှမ်း နိမ့်မြင့်မညီဖြစ်နေသော လမ်းများလည်း အလိုလို ချောမွေ့ ပြေပြစ်၍သွားကြ၏။ ဒကာဒကာမတို့လည်း ပန်းနံ့သာလက်စွဲကာ ဘုရားရှင်ကို ဖူးမြော်ရန် စုဝေးရောက်လာကြကုန်၏။ မိမိတို့ တက်နိုင်သလောက် သံဃာတော်ဆယ်ပါး၊ အပါးနှစ်ဆယ်၊ အပါးတစ်ရာ စသည် တောင်းယူ ပင့်ဆောင်ကြကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူဆောင်ကာ နေရာတော်ခင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြကုန်၏။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားရှင်သည် ဒကာ၊ ဒကာမတို့၏ စရိုက် ဓာတ်ခံကို ဆင်ခြင်တော်မူလျက် သင့်လျော်သော အနုမောဒနာတရားကို ဟောကြားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ပန်းနံ့သာတို့ဖြင့် ထုံမွမ်းထားသော စုဝေးရာမဏ္ဍပ် နေရာတော်၌ ထိုင်နေတော်မူ၍ ဆွမ်းစားရာမှ ပြန်လာကြသော ရဟန်းတော်တို့ကို စောင့်လျက်နေတော်မူ၏။ ထို့နောက် သံဃာတော်များ စုံလင်သောအခါ ဂန္ဓကုဋီကျောင်းဆောင်ဘက်သို့ ကြွတော်မူလေသည်။ ဤကား နေ့စဉ်နံနက်တိုင်း ပြုလုပ်လေ့ရှိသော နံနက်ခင်း လုပ်ငန်းစဉ်ဖြစ်ပေသည်။

(ခ) ပစ္ဆာဘတ္တကိစ္စ = နေ့လယ် လုပ်ငန်းစဉ်
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသည့်နောက် တစ်နေ့တာ ဆောင်ရွက်မြဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော်မူ၏။ ဂန္ဓကုဋီကျောင်းတော်အနီး အသင့်ခင်းထားသော နေရာတော်၌ ထိုင်တော်မူပြီးနောက် ခြေဆေးအင်းပျဉ်၌ ရပ်တော်မူလျက် ရဟန်းတော်များအား ဒုလ္လဘတရား ငါးပါးကို နေ့စဉ်ပင် ဟောကြားသတိပေးတော်မူမြဲဖြစ်သည်။

“အပ္ပမာဒေန ဘိက္ခ၀ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့သော သတိတရားနှင့် ပြည့်စုံကြပစေ။

၁။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = ရဟန်းတို့ - လောက၌ ဘုရားရှင် ပွင့်ထွန်းတော်မူခြင်း ဖြစ်ပေါ်ခဲ၏။

၂။ မနုဿတ္တိပဋိလာဘော ဒုလ္လဘော = လူအဖြစ်ရခြင်းသည် ခက်ခဲ၏။ (လူအဖြစ် ရခဲ၏)။

၃။ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘာ = (ရတနာသုံးပါးနှင့်ကံ ကံ၏အကျိုးကို ယုံကြည်မူ) သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည် ခက်ခဲ၏။ (သဒ္ဓါနှင့် ပြည့်စုံခြင်းကို ရခဲ၏)။

၎။ ပဗ္ဗဇ္ဇာ ဒုလ္လဘာ = ရဟန်းအဖြစ်ကို ရခဲ၏။

၅။ သဒ္ဓမ္မဿဝနံ ဒုလ္လဘံ = သူတော်ကောင်းတရား ကြားနာရဖို့ ခက်ခဲ၏”။

ဒုလ္လဘတရား ဟောကြား သတိပေးပြီးလျှင် ကမ္မဋ္ဌာန်း မေးလျှောက်သော ရဟန်းတို့အား သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူသည်။ ကမ္မဋ္ဌာန်းသင်ယူပြီးသော ရဟန်းတော်များ မိမိတို့နှင့် သင့်လျော် ဆိတ်ငြိမ်ရာသို့ အသီးသီး ကြွရောက်၍ ကမ္မဋ္ဌာန်းဘာဝနာ တရား ပွားများ အားထုတ်ကြလေသည်။

ကမ္မဋ္ဌာန်းပေးပြီးနောက် ဂန္ဓကုဋီကျောင်းတော်သို့ ၀င်တော်မူကာ အလိုတော်ရှိလျှင် တစ်မုဟုတ်ခန့် လျောင်းတော်မူသည်။ လျောင်းရာမှ ထတော်မူပြီးလျှင် တစ်လောကလုံးကို ခြုံ၍ ချေချွတ်ထိုက်သော သတ္တ၀ါဝေနေယျများ ရှိ-မရှိ အမြဲ ရူကြည့်တော်မူလေသည်။

မြတ်စွာဘုရား သီတင်းသုံးရာဒေသရှိ ဒကာ ဒကာမတို့သည် ညနေချမ်းကာလရောက်လျှင် အဖျော်ယမကာ၊ ပန်းနံ့သာ စသည်ယူဆောင်လျက် တရားနာယူရန် ကျောင်းတော်သို့ ရောက်လာစည်းဝေးကြသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုတရားမဏ္ဍပ်ရှိ နေရာတော်၌ သီတင်းသုံးတော်မူလျက် သင့်လျော်သော တရားကို ဟောကြားတော်မူလေသည်။ ညနေစောင်းအချိန်လောက်တွင် တရားပွဲပြီးဆုံး၍ ပရိသတ်တို့ ကျောင်းတော်မှ ပြန်ကြလေသည်။

(ဂ) ပုရိမယာမကိစ္စ = ညဉ့်ဦးယံ လုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းများ ပြုလုပ်ပြီးနောက် ရေချိုးတော်မူလိုလျှင် ရေချိုးအိမ်သို့ ၀င်တော်မူကာ ရေသပ္ပါယ်တော်မူသည်။ အလုပ်အကျွေးရဟန်း ကလည်း ဘုရားရှင် နေရာတော်ကို ဂန္ဓကုဋီပရိဝုဏ်အတွင်း၌ ခင်းထားရလေရာ ရေသုံးသပ်တော်မူပြီးလျှင် ထိုနရာတော်သို့ကြွကာ နှစ်ထပ်သင်္ကန်းကို ၀တ်၊ ခါးပန်းကြိုးကို ဖွဲ့ချည်ပြီးလျှင် ကိုယ်ရုံလက်ကန်တော့ ထိုးတော်မူလျက် တစ်မုဟုတ်ခန့် တစ်ပါးတည်း ကိန်းအောင်း စံနေတော်မူလေသည်။

ခဏကြာလျှင် ထိုထိုအရပ်မှ ရဟန်းတော်များ လာရောက် ဆည်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် ညဉ့်ဦးယံတစ်ချိန်လုံး ထိုရဟန်းတော်များ မေးလျှောက်သမျှ ဖြေဆိုတော်မူ၍ တရားဓမ္မ ဟောပြပေးတော်မူ၏။ ဤသို့ဖြင့် ညဉ့်ဦးယံအချိန်ပိုင်း ကုန်လွန်သွား၏။

(ဃ) မဇ္ဈိမယာမကိစ္စ = သန်ခေါင်ယံ လုပ်ငန်းစဉ်
ညဉ့်ဦးယံလုပ်ငန်းပြီးဆုံး၍ ရဟန်းတော်များ ပြန်ကြွပြီးသောအခါ နတ်ဗြဟ္မာတို့ ဆည်းကပ်ရန် အချိန်ဖြစ်တော့သည်။ စကြ၀ဠာပေါင်း တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိတို့ ဆင်ခြင်စဉ်းစားခဲ့ကြသော အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် သန်ခေါင်ယံ တစ်ချိန်လုံး အမေးပုစ္ဆာ ပြဿနာအလိုက် နတ်ဗြဟ္မာတို့ သံသယပြေကင်းအောင် ဖြေရှင်းဟောပြတော်မူရလေသည်။ မင်္ဂလသုတ် စသော သုတ်တော်များသည် နတ်ဗြဟ္မာများ မေးလျှောက်သဖြင့် ဤသန်ခေါင်ယံ၌ ဟောကြား ဖြေရှင်းတော်မူခဲ့သော သုတ်တော်များ ဖြစ်လေသည်။

(င) ပစ္ဆိမယာမကိစ္စ = မိုးသောက်ယံ လုပ်ငန်းစဉ်
ပစ္ဆိမယံ ခေါ် မိုးသောက်ယံကို သုံးပိုင်း ခွဲဝေတော်မူလျက် ကျင့်ဆောင်တော်မူလေသည်။

တစ်နေ့တာလုံး ဆောင်ရွက်တော်မူရသဖြင့် ကိုယ်လက် ပင်ပန်း နွမ်းနယ်မူ ပြေပျောက်စေရန် ပထမပိုင်းတစ်ချိန် စင်္ကြံကြွခြင်းဖြင့် ကုန်လွန်စေသည်။

ဒုတိယပိုင်း တစ်ချိန်မှာမူ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်၍ လက်ယာနံတောင်းဖြင့် လျောင်းစက်တော်မူသည်။

တတိယပိုင်းအချိန် လျောင်းတော်မူရာမှ ထတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ ရှေးရှေး ဘုရားရှင်တို့ အထံ၌ ဒါန သီလ စသည် ပြုခဲ့ဖူးသော ကုသိုလ်ပါရမီထူး ရှိသူများ ရှိ-မရှိ တစ်လောကလုံးကို ခြုံငုံ၍ ကြည့်ရူတော်မူလေသည်။

Friday, 30 September 2011

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ရခြင်း၏အကြောင်းရင်း


ကျွန်ုပ်တို့၏ ရှင်တော်ဂေါတမ မြတ်ဗုဒ္ဓမှာ ရွှေပန်းထိမ်သည်၏ သားဖြစ်သူ စုန္ဒဆက်ကပ်သော ဆွမ်းအလှူမှ ၀က်ပျိုသားကို ဘုဉ်းပေးတော်မူသဖြင့် ၀မ်းတော်လားကာ ပရိနိဗ္ဗာန် စံတော်မူရကြောင်း အစဉ်အလာပြောကြား စကားတစ်ရပ်ရှိခဲ့ရာတွင် ယင်းအဆိုမှန်/ မမှန်။ ၀က်ပျိုသားဟူသည်မှာ ယနေ့လူအများစားနေကြသည့် ၀က်သားမျိုးဟုတ်/မဟုတ်။ ၀က်ပျိုသားဟု အနက်ပြန်ဆိုထားသည့် သူကရမဒ္ဒ၀- ပုဒ်၏ ဆိုလိုရင်းကို သာဓကအထွေထွေ ရောနှောက်မွှေလျက် ရှင်းပြပေးကြပါဦး ပညာရှင်တို့။ သံသယကင်း ဉာဏ်အမြင်ရှင်းလိုသူ
မြတ်ဗုဒ္ဓသည် စုန္ဒ၏၀က်ပျိုသားကို ဘုဉ်းပေးတော်မူသဖြင့် ၀မ်းတော်လားကာ ပရိနိဗ္ဗာန်စံရသည်-ဟု အစဉ်အလာ ပြောဆိုလာခဲ့ကြခြင်း၏ အကြောင်းရင်းကို စဉ်းစားကြည့်ရာ (၁) ၀ိပါက်တော် ၁၂-ပါး အကြောင်းကို မသိကြခြင်း (၂) လူတို့၏ သဘာဝတွင် ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော- အရ မိမိတို့ချစ်ခင် နှစ်သက်အပ်သော ပုဂ္ဂိုလ်,သတ္တ၀ါ , သင်္ခါရ-တို့နှင့် ခွဲခွာကွေကွင်းရသောအခါ မကျေမနပ် အလိုမကျဖြစ်ကာ တရားခံ, လက်သည်ရှာတတ်ခြင်း စသော အကြောင်းတို့ကိုတွေ့ရ၏။
ဝိပါက်တော် (၀ါ) ၀ဋ်တော် ၁၂-ပါးတွင် ဧကာဒသမ၀ဋ်တော်အကြောင်းကို မဟာဗုဒ္ဓ၀င်၌ ဤသို့ပြဆိုထားပါသည်။
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀၀ယ် ဆေးဆရာဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသား တစ်ယောက်ကို ၀မ်းလာဆေး တိုက်ကျွေးခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိုမဘ၀ ဘုရားဖြစ်တော်မူ၍ ယခု ပရိနိဗ္ဗာန် စံတော်မူခါနီး အခါ ၀မ်းသွေးသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။
[ မဟာဗုဒ္ဓ၀င်- ၅၊၄၀၀။ ခု၊ ၃၊ ၃၄၆]
ဤကဲ့သို့ ရှောင်လွှဲမရနိုင်သည့် ၀ဋ်တော်, ၀ိပါက်တော်ကြောင့် ၀မ်းတော်လားရခြင်း၊ အချိန်တန်၍ ပရိနိဗ္ဗာန် စံရခြင်း ဖြစ်ရကား အစဉ်အလာ ပြောဆိုလာခဲ့ကြသော စကားရပ် မမှန်ဟုမှတ်အပ်၏။
စင်စစ်ကား စုန္ဒ၏ဆွမ်းသည် ဥပါဒ် မဖြစ်စေသည့် အပြင် အကျိုးများပုံကို မဟာဗုဒ္ဓ၀င်၌ ဤကဲ့သို့ မှတ်ချက်ရေးထား၏။
`စုန္ဒရွှေပန်းထိမ်သည်သား၏ ဆွမ်းကို ဘုဉ်းပေးတော်မူခြင်းကြောင့် မြတ်စွာဘုရားမှာ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်မဟုတ်၊ စင်စစ်ကား ဆွမ်းဘုဉ်းပေးပြီးသော အခါ၌ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်ကိုသာ ဆိုလိုသည်။ အကယ်၍ ထိုဆွမ်းကို မဘုဉ်းပေးရမီ ထိုဝမ်းသွေးသွန်သည့် ရောဂါဖြစ်ပွားခဲ့လျှင် ယခုအခြေအနေထက်ပင် မသွားနိုင် မလာနိုင်အောင် အလွန့် အလွန် ရောဂါဝေဒနာ ကြမ်းတမ်းလေရာ၏။ ယခုမူ ထိုပြေပြစ် နူးညံ့သော စုန္ဒ၏ တောဝက်သားဆွမ်းကို ဘုဉ်းပေးတော်မူရသောကြောင့် သက်သာတန်သလောက် သက်သာစွာ ရောဂါဝေဒနာ ဖြစ်ပွားလေသည်။ ထို့ကြောင့်ပင် ကုသိနာရုံပြည်သို့ ရောက်အောင် ခြေလျင်ကြွတော်မူနိုင်လေသည်။ [ မဟာဗုဒ္ဓ၀င်- ၅၊ ၃၉၃]
[ ဇိနတ္ထပကာသနီ၊ ၆၈၄ ၊ သုတ်မဟာဝါ အဋ္ဌကထာ- ၊၄င်းဘာသာဋီကာ.ဒု.အုပ် နှာ. ၁၇၉. တို့၌လည်းကြည့်။]
သို့ရာတွင် လူတို့၏ သဘာဝ အထင်လွဲကာ အပြစ်ဆိုကြမည်ကို ကြိုတင် သိမြင်တော်မူသော မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ဤသို့ မှာကြားတော်မူခဲ့ရသည်။
`ချစ်သားအာနန္ဒာ… တစ်စုံတစ်ယောက်သောသူသည် `အချင်းစုန္ဒ သင်၏ ဆွမ်းကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရ၏။ ထို့ကြောင့် သင်အဖို့ရာ လာဘ်မကောင်းလေစွာ့၊ အရမကောင်းလေစွာ့´ ဟု ပြောဆိုလျက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေသော်မူ ဖြစ်စေပေလိမ့်မည်။
ချစ်သားအာနန္ဒာ… ထိုသို့ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ဖြေဖျောက်ကြရမည်…
`ဒကာ စုန္ဒ… သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို့ကြောင့် သင့်အဖို့ရာ လာဘ်ကောင်းလေစွာ့၊ အရကောင်းလေစွ။ ဒကာစုန္ဒ…. မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ကြားနာရ ခံယူလိုက်ရ၏။ အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ….
`အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ-
(၁) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ ဤဆွမ်းလည်းတစ်မျိုး၊
(၂) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော= အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏၊ ဤဆွမ်းလည်း တစ်မျိုး၊ အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ ဟူသည် ဤဆွမ်းတို့ပင်တည်း။´…
[ မဟာဗုဒ္ဓ၀င် -၅ -၄၁၁]
[ ဆွမ်းနှစ်မျိုးတို့ အကျိုးပေးတူမျှခြင်း အကြောင်းကို -နှာ ၄၁၃- ၌ ကြည့်နိုင်သည်]
သူကရမဒ္ဒ၀ ပုဒ်၏ အဓိပ္ပါယ်
သူကရမဒ္ဒ၀ ပုဒ်၏ အဓိပ္ပါယ်ကို မဟာပရိဗ္ဗာနသုတ် အဋ္ဌကထာ၌ (၁) မူလ၀ါဒ (၂) ဧကေ၀ါဒ (၃) ကေစိဝါဒ- ဟု ၀ါဒ (၃)မျိုး ပြထား၏။
(၁) မူလ၀ါဒ= အဋ္ဌကထာ ဆရာအလို သူကရမဒ္ဒ၀- ဟူသည် မငယ်လွန်း မကြီးလွန်းသော တောဝက်တစ်ကောင်၏ နူးညံ့သိမ်မွေ့သော အသားတည်း။
(၂) ဧကေ၀ါဒ= အချို့ဆရာတို့အလို သူကရမဒ္ဒ၀- ဟူသည် နွားမှဖြစ်သော နွားနို့၊ နို့ချဉ်၊ ထောပတ်၊ ရက်တက်၊ ဆီဦးတို့၏ အနှစ်အဆီဖြင့် ချက်နည်းအစဉ်ကျအောင် ချက်အပ်သော နူးညံ့သော ထမင်း၏ အမည်ဖြစ်၏။
(၃) ကေစိဝါဒ= အချို့ဆရာတို့အလို သူကရမဒ္ဒ၀- ဟူသည် ရသာယန ဆေးကျမ်း၌ လာသော ရသာယန ဆေးကျမ်း၏ အစီအစဉ် အတိုင်း စီမံအပ်သော စားဖွယ်တစ်မျိုးဖြစ်၏။
[ ဒီ- ဋ္ဌ၊ ၂၊ ၁၅၈ ၊ ၄င်းဘာဋီ ၊ ဒု၊ ၄၂၉]
ဆက်လက်၍ ပါမောက္ခ `လလစ်မိုဟန်ကား´ ၏ အလို၊ ဘာသာဋီကာ ဆရာတော်တို့၏ အလိုကို သုတ်မဟာဝါ ဘာသာဋီကာ၌ လာသည့်အတိုင်း ပြဆိုပါဦးမည်။
အင်္ဂလိပ်မဂ္ဂဇင်း တစ်စောင်၌ ပါမောက္ခ `လလစ်မိုဟန်ကား´ ရေးသားအပ်သော ၀ါဒကား…..
(က) မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းကို ရေးသားအပ်သော တရုပ်စာပေများ၌ လည်းကောင်း၊ တိဗက်စာပေများ၌လည်းကောင်း။ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရနှင့် စပ်သော ၀က်သားကို ဖော်ပြခြင်းမရှိကြ။
(ခ) မဟာယာနဂိုဏ်း ကျမ်းစာများဝယ် မဟာပရိနိဗ္ဗာန် အကြောင်းကို ရေးသားထားရာ၌လည်းကောင်း၊ သာဝက၀ိနယ ကျမ်းဝယ် စုန္ဒ၏ ဆွမ်းလှူပွဲကို ဖော်ပြရာ၌လည်းကောင်း `၀က်သား´ ဟူသော ပုဒ်ကို ဖော်ပြခြင်း မရှိပေ။
(ဂ) သူကရသဒ္ဒါသည် `၀က်´ ဟူသော အနက်ကိုသာ ဟော၏။ `၀က်၏အသား´ ဟူသော အနက်ကိုမဟော၊ `၀က်၏အသား´ ဟူသော အနက်ကို `သောကရ´ ပုဒ်ကသာဟောသည်။ [ သူကရဿ ဣဒံ မံသံ သောကရံ ]
(ဃ) မဒ္ဒ၀- သဒ္ဒါလည်း `အသား´ ဟူသော အနက်ကိုမဟော၊ `မုဒုနော ဘာဝေါ မဒ္ဒ၀ံ´ နှင့်အညီ နူညံ့သော အရာဝတ္ထု၏ ဖြစ်ကြောင်းဖြစ်ရာ `နူးနူး ညံ့ညံ့ ပျော့ပျော့ ပျောင်းပျောင်း´ ဟူသော အနက်ကိုဟော၏။ ထို့ကြောင့် သူကရ မဒ္ဒ၀ နှစ်ပုဒ်ပေါင်းသော်လည်း `၀က်သား´ ဟူသော အနက်မဖြစ်ပါ။
(င) `သူကရကဏ္ဍ´ ဟု ခေါ်ဝေါ်အပ်သော သစ်ဥ သစ်ဖု တစ်မျိုးရှိ၏။ ထိုသစ်ဥ သစ်ဖုကို `တောဝက်´ ဟူသော အမည်ဖြင့် များစွာခေါ်ဝေါ်ကြ၏။
(စ) ဥတ္တရဒေသတွင် `ကဏ္ဍ ကဏ္ဍမူလဖလ´ ဟု ခေါ်ဝေါ်အပ်သော သစ်ဥတစ်မျိုးရှိသေး၏။ အိန္ဒိယနိုင်ငံ၌ သူတော် သူမြတ်တို့၏ အစာဖြစ်၏။ အမွှေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှ ထွက်လာသောအခါ ၀က်နှင့်တူ၏။ ထို့ကြောင့် သူကရ- ဟု ခေါ်ကြဟန်တူသည်၊ ပါဝါမြို့ တည်ရှိခဲ့ရာ `ပဒြောန´ နယ်မြေတွင် အနှံ့အပြားပေါက်၏။ ရောဂါဘယကို ဓာတ်စာဖြင့်ကုသော ဟိန္ဒူဆေးဆရာတို့သည် ထိုဥကို အလွန်ချီးမွမ်းကြ၏။ အရည် ကျဲကျဲကြို၍ ၀မ်းမီးညံ့သူများကို တိုက်ရ၏။
(ဆ) စုန္ဒ ဒါယကာသည် မြတ်စွာဘုရားအား လှူသော သစ်ဥ သစ်ဖု သို့မဟုတ် သစ်မြစ်ကို အရသာရှိအောင် များစွာ အမွှမ်းတင်၍ ပြင်ဆင်ထားပေလိမ့်မည်။ ထို့ကြောင့် ထိုဥတစ်မျိုးကို နွားနို့နှင့် ပြစ်အောင်ကြို၍ စီရင်အပ်သော ပါယသ (နို့ဃနာ) တစ်မျိုးသည် `သုကရမဒ္ဒ၀´ ပင် ဖြစ်သင့်ပါသည်။
ထပ်မံစဉ်းစားဖွယ်
ဘာသာဋီကာဆရာတော်၏ ထပ်မံ စဉ်းစားဖွယ်ဟူသော ခေါင်းစဉ်ဖြင့် ဆက်လက်ပြအပ်သော ၀ါဒကား….
သီဟစစ်သူကြီးသည် ဘုရားအထံတော်မှ တရားနာရ၍ သောတာပန် ဖြစ်ပြီးနောက် နက်ဖန် မြတ်စွာဘုရားကို ရဟန်းသံဃာများနှင့် တကွ ဆွမ်းဘုဉ်းပေးကြွဖို့ရန် ဖိတ်မံ၍ ပြန်လာပြီးလျှင် ထိုသူမရောက်မီ ဖြစ်နှင့်သော အသားများကို ၀ယ်ယူဖို့ရန် တပည့်တစ်ယောက်ကို ဈေးသို့စေလွှတ်၏။ ထို့နောက် ညနေကပင် ချက်ပြုတ်တန်သမျှ ချက်ပြုတ်၍ နံနက်အခါ၌ ဆွမ်း ခဲဖွယ် ဘောဇဉ်အားလုံး စီစဉ်ပြီးလျှင် ဆွမ်းဘုဉ်းပေးချိန် တန်ကြောင်း လျှောက်ထားပုံကို `ပဟူတံ ခါဒနီယံ ဘောဇနီယံ ပရိယာဒါပေတွာ ဘဂ၀တော ကာလံ အာရောစာပေတိ´ ဟုသာ ကျမ်းဂန်၌ဆို၏။ အသားဟင်း ပါသော်လည်း ထိုအသားဟင်း သည် ဘောဇဉ်ငါးပါးတွင် ပါဝင်ပြီး ဖြစ်သောကြောင့် အထူးမဆိုတော့ချေ။
[ ဘောဇဉ်ငါးပါး = ဩဒန-ထမင်း၊ ကုမ္မာသ- မုယောမုန့်၊ သတ္တု- မုန့်လုံး၊ မစ္ဆ-ငါး၊ မံသ- အသား။]
(၂) ဤ၌ကား `ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ´ (မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီရင်စေပြီး၍ ) ဟုဆိုပြီးနောက်၊ `ပဟူတဉ္စ သူကရမဒ္ဒ၀ံ´ ( များစွာသော သူကရမဒ္ဒ၀ မည်သော စားဖွယ်ကိုလည်း စီရင်စေပြီး၍) ဟု ဆိုပြီးမှ၊ ဘဂ၀သော ကာလံ အာရောစာပေတိ´ (မြတ်စွာဘုရားအား ဆွမ်းစာချိန်ကို လျှောက်ထားစေ၏) ဟုဆိုသည်။ ဤသို့သီးခြား ဆိုသဖြင့် `သူကရမဒ္ဒ၀´ သည် ဘောဇနီယံ အရ ဘောဇဉ်ငါးပါးတွင် ပါဝင်သော မံသ - အသား မဟုတ်ဟု ကောက်ချက်ချစရာရှိ၏။
(၃) ထို့အပြင် နတ်တို့သည် `သူကရမဒ္ဒ၀´၌ `နတ်ဩဇာကိုထည့်ကြ၏´ဟု ဆို၏။ အခြားဆွမ်းလှူပွဲများ၌ နတ်ဩဇာထည့်လျှင် ဆွမ်း၌သာ ထည့်လေ့ရှိ၏ ။ စုန္ဒဒါယကာ၏ ဆွမ်းအလှူဝယ် ဆွမ်း၌ မထည့်ပဲ ဤ `သူကရမဒ္ဒ၀´၌ နတ်ဩဇာကို ထည့်ကြကုန်၏။ နတ်ဩဇာကို စားကြကုန်သော နတ်များသည် အသားမစားကြ။ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရသည် ၀က်သားဖြစ်လျှင် အသားမစားပဲ နတ်ဩဇာကိုသာ စားနေသော နတ်တို့သည် ဤ၀က်သားဟင်း၌ နတ်ဩဇာ ထည့်ဖို့ရန် ကြံစည်မည်ပင် မဟုတ်ပါ။ အသားဟင်း မဟုတ်သောကြောင့်သာ `နတ်ဩဇာထည့်ကြသည်´ ဟု ယူဆဖွယ်ရှိ၏။
(၄) သံဃာတော်များနှင့် တကွ ဗုဒ္ဓမြတ်စွာသည် ဆွမ်းဘုဉ်းပေးဖို့ရာ ကြွလာတော် မူသောအခါ `ငါဘုရားကို သူကရမဒ္ဒ၀ဖြင့် ပြုစုလုပ်ကျွေး၍ ရဟန်း သံဃာများကို အခြားခဲဖွယ် ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးလော့´ ဟု မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် `သူကရမဒ္ဒ၀´ ကိုသာ ဘုဉ်းပေးတော်မူ၏။ ဆွမ်းကို ဘုဉ်းပေးတော် မမူ၊ ၀က်သားဟင်း ဖြစ်လျှင် `ဘုရားရှင်သည် နောက်ဆုံးအချိန်၌ ၀က်သားကိုချည်း ဘုဉ်းပေးတော်မူသည်´ဟု ပြောစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် - သူကရမဒ္ဒ၀ က အားကောင်းလျှက်ရှိပါသည်။
ဤသို့လျှင် သူကရမဒ္ဒ၀- ပုဒ်၏ ဆိုလိုရင်းကို သာဓက အထွေထွေ ရောနှောက်မွှေလျှက် ဆရာမြတ်တို့ ရှင်းပြခဲ့ကြသည့် အတိုင်း ကူယူ ရှင်းပြလိုက်ရပေသည်။

Friday, 23 September 2011

မြတ်ဗုဒ္ဓ၏စည်းကမ်း


 ဂေါတမမြတ်စွာဘုရားရှင် လက်ထက်က အဖြစ်အပျက်တခု ဖြစ်ပါတယ်။ တနေ့မှာ မြတ်စွာဘုရားရှင်ဟာ ညီတော်အာနန္ဒာကို အမိန့်ရှိခဲ့ပါတယ်။ အမိန့်ရှိတဲ့ အကြောင်းကတော့ ဘုရားရှင်ဟာ တပါးတည်းသော ဧကစာအကျင့်ကို ကျင့်သုံးမယ့်အကြောင်း၊ ကျင့်သုံးမယ့်ကာလက ၀ါတွင်းသုံးလဖြစ်ကြောင်း၊ ဧကစာအကျင့် ကျင့်သုံးမယ့် ကျောင်းတော်က ၀ိသာခါကျောင်းအမကြီးရဲ့ ပုဗ္ဗာရုံကျောင်း ဖြစ်ပါသတဲ့။ ဘုရားရှင်က သူ-ဒီလို တပါးတည်း စံပယ်တော်မူမယ့်အချိန်မှာ ရှင်အာနန္ဒာတပါးတည်းသာ ဆွမ်းပို့ ဆွမ်းကပ်လာရန် ခွင့်ပြုတော်မူသတဲ့။ ရှင်အာနန္ဒ္ဒာ အနေနဲ့ကတော့ တနေ့တနေ့ ဘုရားရှင်ဟာ သာသနာတော်အကျိုးအတွက် စီစဉ်ဆောင်ရွက်ရတာတွေ များပြားလွန်းတာမို့ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိထားတဲ့သူဖြစ်တဲ့အတွက် ဒီလိုတပါးတည်း ဧကစာကျင့်မယ်ဆိုတာ ကြားသိတော့ ၀မ်းသာမိတယ်။ ဘုရားရှင် ဧကစာကျင့်နေခိုက် သာသနာအတွင်း၊ သံဃာတော်အတွင်း၊ ပြဿနာတခုခု ရှိလာရင် ဘယ်လိုဖြေရှင်းမလဲ ခေါင်းခဲမိပေမယ့် ဘုရားရှင်ရဲ့ လက်ဝဲရံ လက်ယာရံ တပည့်သားသံဃာကြီးတွေ ရှိတာပဲဆိုပြီး စိတ်ဖြေခဲ့တယ်။

ဘုရားရှင်အပေါ်မှာ ကြည်ညိုလွန်း စေတနာပိုလွန်းတဲ့ ညီတော်အာနန္ဒာ အပါအ၀င် သံဃာတွေဟာ အစည်းအဝေးတခုတောင် ပြုလုပ်ခဲ့သေးတယ်။ အဲဒါကတော့ ဘုရားရှင်တပါးတည်း ကျင့်သုံနေတဲ့အချိန်မှာ ဘယ်သံဃာတော်မျှ ဘုရားရှင်ကို ဖူးတွေ့ခွင့် မတောင်းရ၊ မဖူးမြော်ရ၊ ဖူးမြော်ရင် အပြစ်ရှိတယ်လို့ ကတိက၀တ် ပြုခဲ့ကြသတဲ့။ တကယ်တော့ ဘုရားရှင်ကို လွတ်လပ်အေးချမ်းစွာ သီတင်းသုံးစေချင်တဲ့ စေတနာနဲ့ စီစဉ်ခဲ့ကြတာပါ။ ဒီလို စည်းကမ်းချထားတဲ့ အကြောင်းကိုလည်း ရှင်အာနန္ဒာက ဘုရားရှင်ကို ပြန်ပြောပြသတဲ့။ ဒီအခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့တယ်။ ဘုရားရှင် ပြုံးတော်မူရင် အကြောင်းထူးတခုခု ရှိမယ်ဆိုတာ ရှင်အာနန္ဒာသိပေမယ့် ဘုရားရှင်က ဘာမျှ မိန့်ကြားတော်မမူတော့ ရှင်အာနန္ဒာလည်း မလျှောက်သာ၊ မမေးသာဘူးပေါ့။ ဒီလိုနဲ့ ဘုရားရှင်ဟာ တပါးတည်း ဧကစာကျင့်သုံးနေတဲ့ အချိန်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီအချိန်မှာ အရှင်ဥပသေနရဲ့ ပြဿနာက ၀င်ရောက်လာခဲ့တယ်။ ရှင်ဥပသေနဆိုတာ နှယ်နှယ်ရရ ရဟန်းမဟုတ်ဘူး။ ရဟန်းပရိသတ်၊ လူပရိသတ်တို့အလယ်မှာ ကြည်ညိုဖွယ်ကို ဆောင်ကြဉ်းနိုင်လွန်းလို့ ဘုရားရှင်ကိုယ်တိုင် ချီးကျူးတော်မူရတဲ့ ဧတဒဂ်ရ ရဟန်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ရွေးစင် ရဟန်းအပါး ၄၀-ထဲမှာ ရှင်ဥပသေနလည်း တပါးအပါအ၀င်ပေါ့။

ရှင်ဥပသေနဟာ ဘုရားရှင်ရဲ့ ကျောင်းတော်ရာအတွင်းက ရဟန်းမဟုတ်ပါဘူး။ တောအရပ်ကိုမှီးတဲ့ တောနေရဟန်းတပါးမို့ အရှင်အာနန္ဒာတို့ အသစ်ထုတ်ထားတဲ့ စည်းကမ်းကိုလည်း မသိပေဘူးပေါ့။ အရှင်ဥပသေနဟာ ဘုရားရှင်ကို မဖူးမြော်ရတာ ကြာပြီမို့ စိတ်ထဲမှာ ဖူမြော်ချင်ဇောနဲ့ လာခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာ သူ့ရဲ့တပည့် ရဟန်းငါးရာလည်း လိုက်ပါလာခဲ့တယ်။ ရှင်ဥပသေနရော သူ့တပည့်ရဟန်းငါးရာဟာ တောအရပ်မှာပဲ သီတင်းသုံးနေထိုင်တဲ့ အရညကင်ဓုတင်၊ ဆွမ်းခံစားတဲ့ ပိဏ္ဍပါတ်ဓုတင်၊ သင်္ကန်းသုံးစွဲတဲ့ နေရာမှာလည်း စွန့်ပစ်စတွေကိုသာ ကောက်ယူသုံးစွဲတဲ့ ပံသုကူဓုတင်တွေကို ဆောင်တဲ့ ရဟန်းများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာနဲ့ တပည့်တွေဟာ အကျင့်သီလ မွန်မြတ်ကောင်းမွန်သူတွေမို့ ကြည်ညိုဖွယ်ရာအတိ ဖြစ်ပါသတဲ့။

အရှင်ဥပသေနနဲ့ ဘုရားရှင်ကြားမှာလည်း အများမသိတဲ့ ပြဿနာလေးတခု ရှိနေတယ်။ အရှင်ဥပသေန ရဟန်းဝတ်ခါစ အချိန်ကပေါ့။ ရဟန်းဝတ်ပြီး နှစ်နှစ်မြောက် အချိန်မှာ တပည့်ရဟန်းတဦးကို တပည့်မွေးဖူးတယ်။ ဒါကို ဘုရားရှင်က ကိုယ်တိုင်တောင် သူများဆုံးမတာ ခံရမယ့်အနေအထားမှာ သူများကို ဆရာလုပ်နေရလားဆိုပြီး ပြောဖူးပါတယ်။ ဒီအဖြစ်ကို အရှင်ဥပသေနက အသည်းထဲ စွဲနေအောင် မှတ်ပြီး ရဟန်းအကျင့်ကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ရာက ခုလို အသက်လည်းရ ရဟန်းနှစ်လည်း ကြာလာချိန်မှာ တပည့်ကောင်း ငါးရာ မွေးထုတ်နိုင်ပြီဟု ဘုရားရှင်ကို ပြောချင်နေပါသတဲ့။ ဒါကြောင့်လည်း ဘုရားရှင်ရှိရာဆီကို တကူးတက လာဖူးခဲ့ခြင်း ဖြစ်ပါသတဲ့။

ရှင်အာနန္ဒာကတော့ ရှင်ဥပသေနနဲ့ တပည့်တွေ လာတယ်ဆိုရင်ပဲ အစအစအရာရာ ချင့်တွက်ပြီး ဘုရားရှင်ကို ၀င်တွေ့ခွင့် တောင်းပေးခဲ့ပါတယ်။ ဘုရားရှင်ကလည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ ဘုရားရှင်ဟာ ကြီးမားလှတဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်သူမို့ ရှင်ဥပသေနကို မြင်မြင်ချင်းမှာပဲ ဘာကြောင့်လာတွေ့တယ်။ ဘာကိုပြောချင်တယ်ဆိုတာ တန်းသိတာပေါ့။ ဒါကြောင့် ဆရာသမားကောင်းပီသစွာပဲ ချီးမွမ်းအပ်ရာကို ချီးမွမ်းသတဲ့။
ဘုရားရှင်။ ။ ဥပသေန-သင့်တပည့်တွေဟာ ကြည်ညိုဖွယ် ကောင်းလှချည်လား၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ပြီထင်တယ်။ သင်ဘယ်လိုများ ဆုံးမသွန်သင်ထားသလဲ- ဘုရားရှင် ဒီလိုအမိန့်ရှိတယ်ဆိုရင်ပဲ ရှင်ဥပသေနဟာ ရွှင်လန်းဝမ်းမြောက်စွာနဲ့ သူကိုယ်တိုင်ရော တပည့်သံဃာတော်တွေရော ကျင့်သုံးတဲ့ အကျင့်တွေကို လျှောက်တင်တော်မူခဲ့တယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ရှင်ဥပသေနရဲ့ အကျိတ်အခဲတွေကို ကြေစေပြီးတဲ့အချိန်မှာ-

ဘုရားရှင်။ ။ ဥပသေန-ငါဘုရား သုံးလ ဧကစာကျင့်သုံးနေတဲ့အချိန်မှာ ဘယ်သူမျှ တွေ့ခွင့်မရှိဘူးလို့ ရဟန်းများ အစည်းအဝေးလုပ်ပြီး ဥပဒေချထားသတဲ့။ ဒါကို သင်သိရဲ့လား။
ရှင်ဥပသေန။ ။ မသိပါ အရှင်ဘုရား။ ဒါပေမယ့် သိရင်လည်း တပည့်တော် သဘောမတူပါဘူးဘုရား။ စည်းမျည်း စည်းကမ်းဥပဒေဆိုတာ ဘုရားရှင်ကသာ ချမှတ်ပေးရတာဘုရား။ တပည့်သားသံဃာတွေရဲ့အလုပ် မဟုတ်ပါဘူးဘုရား။
ဘုရားရှင်။ ။ သာဓု သာဓု သာဓု ဥပသေန၊ သင့်အယူအဆမှန်ပေသည်။ ငါဘုရားသည် ဟိုအရင်အချိန်ကပင် ငါ့အား ဖူးတွေ့လိုသော ရပ်ဝေးနေရဟန်းများအား အချိန်မရွေး ဖူးတွေ့ခွင့် ပြုပြီး ဖြစ်ပေတယ်။
ဘုရားရှင်နဲ့ ရှင်ဥပသေနဟာ ဒီစကားတွေ ပြောဆိုဆွေးနွေးပြီး ရှင်ဥပသေနရဲ့ အပြန်လမ်းမှာတော့ ကျောင်းပေါက်ဝမှာစောင့်နေတဲ့ ရဟန်းတွေနဲ့ တိုးတော့တာပေါ့။ ရဟန်းတွေကလည်း ဥပဒေကိုမသိဘူးလား ဘာလားဆိုပြီး ရှင်ဥပသေနကို ပြောဆို ပြစ်တင်ကြသတဲ့။

ရှင်ဥပသေနကလည်း အခုပဲ ဘုရားရှင်နဲ့ ဒီအကြောင်း ပြောဆိုခဲ့ကြောင်း၊ ဘုရားရှင်ကလည်း ရဟန်းတို့ ဒီလိုဥပဒေထုတ်ပြန်မှုကို အကျိုးအကြောင်းပြ ပယ်ဖျက်တော်မူကြောင်း ပြန်ပြောသတဲ့။ ဒီအခါမှာတော့ အပြစ်တင်ချင်သူ သံဃာတော်တွေဟာ သူတို့ရဲ့အပြစ်ကို သဘောပေါက်သွားပြီး နှုတ်ပိတ်ခေါင်းငုံ့သွားကြတယ်။
ဒီအတွက် အကျိုးသက်ရောက်မှုက ဘာရသလဲဆိုတော့ ဓုတင်ဆောင်ရဟန်းတွေဟာ ဘုရားရှင်ကို ဖူးမြော်ချဉ်းကပ်လိုတဲ့အခါမှာ အချိန်မရွေး ချဉ်းကပ်ဖူးမြော်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ဓုတင်ဆောင်ရဟန်းတွေရဲ့ သီလသိက္ခာ အကျိုးသက်ရောက်မှု ကြီးမာပုံကို သိတဲ့အတွက် ရဟန်းအချင်းချင်းမှာလည်း ပိုမိုကြိုးစားအားထုတ်မှုတွေ များပြားလာခြင်းပါပဲ။

Thursday, 22 September 2011

ခြေဖြင့်သွား၍ နိဗ္ဗာန်သို့  မရောက်နိုင်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ခုသောသန်းခေါင်ယံအချိန်၌ ရောဟိတအမည်ရှိသောနတ်သားတစ်ပါးသည်ဇေတဝန်ကျောင်းတော်သို ရောက်ရှိလာ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်တစ်ခုလုံးသည်ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည်ဘုရားရှင်ထံ ချဉ်ကပ်ပြီး ဤ သို့ မေးလျှောက် လေသည်။ အရှင်ဘုရား ပဋိသန္ဓေ မနေရာ မအိုရာ မနာရာ မသေရာဖြစ်သောလောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော့။ အသင်နတ်သား လောက၏အဆုံးဖြစ်သောနိဗ္ဗာန်သို့  ခြေဖြင့်သွား၍ မရောက်နိုင်ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တစ်ခုသောဘဝတုန်းက တန်းးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။
အကျွန်ုပ်သည် လေးမှ ပစ်လွတ်လိုက်သောမြား၏အလျင်မြန်ဖြင့် သွားနိုင်သောတန်ခိုးရှိပါသည်။

အရှေ့ သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တစ်လှမ်းတည်းသောခြေလှမ်းဖြင့်ရောက်နိုင်ပါသည်။
အကျွန်ုပ်သည် ဤသို့ သော လျင်မြန်ခြင်းရှိသည့်ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  အရောက်သွားနိုင်ရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။ ထိုစိတ်ဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန် စားချိန် ကျင်ကြီး ကျင်ငယ် စွန့် ချိန်မှတစ်ပါးအသက်တစ်ရာတမ်းပတ်လုံး နိဗ္ဗာန်သို့  ခြေကျင်သွာခဲ့ပါသည်။ သို့ သော် နိဗ္ဗာန်သို့ မရောက်ဘဲ စကြာဝဠာအကြား၌ သာလျှင်သေခဲ့ရပါသည်။ ထိုကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်ဟူသော အရှင်ဘုရား၏ စကားသည် မှန်ကန်လှပေ သည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည်လည်း မရှိ။ထိုကြောင့် နိဗ္ဗာန်သို့  ရောက်နိုင်သည့် မြတ်သော အကျင့်ကို ကျင့် ပြီးသောပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း တမလွန်လောကကို၎င်း ဘယ်အခါမျှ မတောင်းတတော့ချေ။ စင်စစ်အားဖြင့် တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌ သာလျှင် လောကကို၎င်း လောကဖြစ်ပေါ်ကြောင်းအကျင့်ကို၎င်း လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့ နိုင်ပေသည် ဟု ဟောကြားတော်မူလေသည်။

ဘုရားရှင်၏ တရာစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရဝမ်းမြောက်မိလေသည်။ထိုနောက်လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီးနတ်ပြည်သို့  ပြန်သွားလေသတည်း။

အကိုး။ အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်။