နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဖုဒ္ဓဿ

Thursday 18 August 2011

သင်ကိုယ်တိုင်ရွေးချယ်ဖို့လမ်းနှစ်သွယ် ...


တကယ်တော့ လူ့ဘ၀ဆိုတာဟာ သုဂတိလမ်းနဲ့ ဒုဂ္ဂတိလမ်းနှစ်သွယ်ရဲ့ အလယ်တည့်တည့်မှာ ရှိပါတယ်။ လမ်းစုံရောက်နေတဲ့သူတစ်ယောက်အနေနဲ့ မိမိသွားရောက်ချင်တဲ့ လမ်းကို မိမိကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းခွင့်ရှိပါတယ်။ လျှောက်လှမ်းစရာကလည်း ဒီနှစ်လမ်းပဲ ရှိတာမဟုတ်လား။ ဒီတော့ တစ်လမ်းမဟုတ် တစ်လမ်းကိုတော့ မလွဲမသွေ လျှောက်လှမ်းရမှာပဲ။ သုဂတိလမ်းကို အတက်လမ်းလို့ဆိုပြီး ဒုဂ္ဂတိလမ်းကိုတော့ အဆင်းလမ်းလို့ ဆိုပါစို့….။ အထက်လမ်းကို တက်လှမ်းလျှောက်သွားမယ်ဆိုရင်တော့ သုဂတိဘုံဖြစ်တဲ့ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည်နှစ်ဆယ်တို့မှာ စံစားရမှာပါ။ အဆင်းလမ်းကို သက်ဆင်းသွားမယ်ဆိုရင်တော့ ဒုဂ္ဂတိဘုံဖြစ်တဲ့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဘ၀တွေမှာ ခံစားရမှာပါ။ မတူတဲ့ လမ်းနှစ်ခုဆီရဲ့ ကွဲပြားတဲ့ ပန်းတိုင်တွေပေါ့။

ဒီတော့ မိမိအနေနဲ့ ဘယ်လမ်းကို လျှောက်လှမ်းချင်လဲ……..။ အတက်လမ်းကိုလား လျှောက်လှမ်းချင်သလား၊ အဆင်းလမ်းကိုပဲ လျှောက်လှမ်းချင်သလား၊ ပန်းခင်လမ်းကို သက်သက်သာသာ လျှောက်လှမ်းချင်သလား၊ ဆူးခင်းလမ်းကို ပင်ပင်ပန်းပန်း လျှောက်လှမ်းချင်သလား။ မိမိမှာ ရွေးချယ်ခွင့် အပြည့်အ၀ရှိပါတယ်။

အဆင်းလမ်းကတော့ လျောဆင်းသွားလိုက်ရုံပါပဲ။ လွယ်လွယ်ကူကူနဲ့ ခုန်ချလိုက်လို့လည်း ရပါတယ်။ အတက်လမ်းကို လျှောက်လှမ်းဖို့ကတော့ သိပ်ကို ခဲယဉ်းလွန်းလှပါတယ်။ လွယ်လွယ်ကူကူနဲ့ ခုန်တက်လို့ မရပါဘူး။ အထက်တက်ဖို့အတွက်တော့ လှေကားတော့ လိုပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ လောကလူသားတွေဟာ အလွယ်လမ်းကိုပဲ လိုက်တတ်တာများပါတယ်။ အားစိုက်မထုတ်ရဘဲ လွယ်လွယ်ကူကူပဲ ခုန်ချသွားတတ်တာများပါတယ်။ ဒါကြောင့် အထက်လမ်းကို တက်လှမ်းသူ အရေအတွက်က အလွန်နည်းပြီး အဆင်းလမ်းကို သက်ဆင်းသွားသူတွေကတော့ အင်မတန်များပါတယ်။ ဒါကို ဗုဒ္ဓမြတ်စွာက အတက်လမ်းကို လျှောက်လှမ်းကာ တက်လှမ်းသွားသူက အလွန်နည်းပါးပြီး အဆင်းလမ်းကို လျှောက်လှမ်းသက်ဆင်းသွားသူများသာ မရေမတွက်နိုင်အောင် များတယ်ဆိုတာကို နခသိခသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်ရဲ့ လက်သည်းတော်ပေါ်မှာ မြေမှုန့်တို့ကို တင်ထားတော်မူပြီး ရဟန်းတို့ကို အခုလို မေးမြန်းတော်မူပါတယ်။

“ရဟန်းတို့………၊ မဟာပထ၀ီမြေကြီးပေါ်မှာ ရှိတဲ့ မြေမှုန့်တွေနဲ့ ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့် အဘယ်က ပိုများသလဲ”

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်နဲ့ ဟောဒီ မဟာပထ၀ီမြေကြီးပေါ်မှာရှိတဲ့ မြေမှုန့်ဟာ ဘယ်လိုမှ နှိုင်းယှဉ်စရာ မရှိပါဘူးဘုရား…..၊ မဟာပထ၀ီမြေကြီးပေါ်က မြေမှုန့်ဟာ အဆမတန်များပြားပြီး ရှင်တော်ဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ထားတဲ့ မြေမှုန့်ဟာ အင်မတန်မှ နည်းပါးလွန်းလှပါတယ်ဘုရား” ဆိုပြီးတော့ ရဟန်းတော်များက ပြန်လျှောက်ကြားကြပါတယ်။

ဒီတော့ ဗုဒ္ဓမြတ်စွာက “ချစ်သား ရဟန်းတို့……..၊ ထို့အတူပဲ တစ်နေ့တစ်နေ့မှာ သေဆုံးသွားကြတဲ့ သတ္တ၀ါအပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်ကြကုန်သော သတ္တ၀ါတို့ကား ငါဘုရား၏ လက်သည်းတော်ပေါ်မှာ တင်ရှိနေတဲ့ မြေမှုန့်ကဲ့သို့ အလွန်နည်းလှကုန်၏။ အပါယ်ဒုဂ္ဂတိဘုံသို့ ကျရောက်ကြကုန်သော သတ္တ၀ါတို့ကား မဟာပထ၀ီမြေကြီးရှိ မြေမှုန့်တို့ကဲ့သို့ အလွန်တရာမှ များပြားလှကုန်၏။” လို့ ဟောကြားတော်မူခဲ့ပါတယ်။

တကယ်တော့ မိမိစိတ်ကို မိမိမပိုင်သူတွေ၊ မိမိစိတ်ကို မိမိမနိုင်သူတွေဟာ လွယ်ကူတဲ့ အဆင်းလမ်းကိုကို လျှောက်လှမ်းမိကြတာများပါတယ်။ အ၀ိဇ္ဇာပိတ်ဖုံးမှု့ကြောင့် မကောင်းတဲ့ ဒုစရိုက်အမှု့တွေကို ပြုလုပ်မိစေပြီးတော့ ကောင်းတဲ့ သုစရိုက်တရားတွေကို မပြုလုပ်မိအောင် အမှောင်ဖုံးလွှမ်းထားတာကြောင့်ပါ။ အရေးကြီးဆုံးကတော့ စိတ်ပဲ ဖြစ်ပါတယ်။ စိတ်ကခိုင်းစေတာကို လိုက်ပြီးလုပ်တတ်ကြပါတယ်။ ပြောတတ်ကြပါတယ်။ စိတ်ထားကောင်းတွေ မွေးဖို့၊ စိတ်ထားတွေ မပျက်စီးစေဖို့၊ မကောင်းတဲ့စိတ်တွေ မဖြစ်စေဖို့၊ မကောင်းတဲ့စိတ်တွေ မမွေးမိကြစေဖို့ အင်မတန်အရေးကြီးပါတယ်။ လောဘရဲ့စေရာ၊ ဒေါသရဲ့ ကြိုးဆွဲရာ၊ မောဟရဲ့ ဖုံးလွှမ်းရာနောက်ကို အစဉ်လိုက်နေတဲ့ စိတ်ကို သူတို့စေရာမပါအောင် မိမိစိတ်ကို ပိုင်အောင်၊ မိမိစိတ်ကို နိုင်အောင် အားထုတ်နိုင်ပါမှ အထက်လမ်းကို ရောက်မှာပါ။

တစ်ခါက ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးကြီးကို “သူကြွယ်…..စိတ်ပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု့၊ စိတ်မှု့တို့ကို ပျက်စီးစေတယ်၊ ကံသုံးပါး ပျက်စီးနေတဲ့သူရဲ့ သေခြင်းဟာလည်း ကောင်းတဲ့သေခြင်း မဖြစ်ဘူး။ စိတ်မပျက်စီးရင် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့လည်း မပျက်စီးနိုင်ဘူး၊ ကံသုံးပါး မပျက်စီးတဲ့သူရဲ့ သေခြင်းဟာ ကောင်းတဲ့သေခြင်းဖြစ်တယ်။” လို့ အင်္ဂုတ္တရနိကာယ် ဗျာပန္နသုတ်တော်မှာ ဟောတော်မူခဲ့ပါတယ်။

မကောင်းတဲ့စိတ်တွေဖြစ်နေပြီဆိုရင် စိတ်ဓာတ်တွေ ပျက်စီးနေပြီဆိုရင် လုပ်သမျှ ပြောသမျှ ကြံသမျှဟာလည်းပဲ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေပဲ ဖြစ်လာမှာမလွဲပါဘူး။ မကောင်းတဲ့ အလုပ် မကောင်းတဲ့ အပြော မကောင်းတဲ့ အကြံတွေကို လုပ်မိ ပြောမိ ကြံမိရင် ဘာဖြစ်မှာလဲလို့ မေးစရာရှိလာပါတယ်။ ဒီအတွက်လည်း ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို အခုလို ဟောကြားတော်မူခဲ့ပါသေးတယ်။

“ချစ်သား အာနန္ဒာ………. ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ကို ၊ငါဘုရားက စင်စင်အားဖြင့် မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတယ်။”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…..မြတ်စွာဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတော်မူတဲ့ ဒီ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တွေကို ပြုလုပ်ရင် ဘာတွေများဖြစ်လာမလဲလို့ မျှော်လင့်ရပါသလဲဘုရား။”

“ချစ်သား အနန္ဒာ….၊ ငါဘုရားက စင်စစ်မပြုအပ်ဘူးလို့ ဟောကြားထားတဲ့ မကောင်းတဲ့ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုလုပ်ရင် မိမိကိုယ်တိုင်လည်း စွပ်စွဲတယ်၊ ပညာရှိတို့ကလည်း ကဲ့ရဲ့ကုန်တယ်၊ မကောင်းတဲ့သတင်း ကျော်စောခြင်းလည်းဖြစ်တယ်။ သေတဲ့အခါမှာလည်း တွေဝေပြီးသေရတယ်၊ သေပြီးတဲ့ နောက်မှာလည်း အပါယ်ငရဲမှာ ကျရောက်တတ်တယ်။ ဒီအပြစ်တွေကို မလွဲမသွေ မုချရရှိလိမ့်မယ်လို့ မျှော်လင့်အပ်တယ် ချစ်သား”

“အပြစ်ကင်းတဲ့ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်တို့ကို ပြုလုပ်မယ်ဆိုရင်တော့ ထိုကောင်းမှု့တွေအတွက် သေလွန်ပြီးတဲ့နောက်မှာ သုဂတိဘုံဘ၀သို လားရောက်ရတယ်။”လို့ ဟောကြားပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့စကားတော်ကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်တွေပျက်စီးပြီး ဒုစရိုက်အမှု့တွေကို လွန်ကျူးမိကြသူများဟာ အဆင်းလမ်းဖြစ်တဲ့ ငရဲလမ်းကို လျှောက်လှမ်းရမယ်ဆိုတာ နားလည်နိုင်ပါတယ်။

အထက်ကို တက်လှမ်းဖို့အတွက် လှေကားတစ်ခုတော့ လိုတယ်လို့ အထက်မှာဆိုခဲ့ပါတယ်။ ဘယ်လိုလှေကားမျိုးလဲဆိုတာကတော့ သီလလှေကားကို ဆိုလိုတာပါ။ “သုဂတိဘုံသို့ တက်လှမ်းဖို့ရာ သီလနဲ့တူတဲ့ စောင်းတန်းလှေကားဆိုတာ မရှိပါဘူး။ နိဗ္ဗာန်ရွှေပြည်တော်ကြီးသို့ ၀င်ရောက်ဖို့ဆိုတာလည်း သီလနဲ့တူတဲ့ တံခါးပေါက်ဆိုတာ မရှိပါဘူး။” လို့ ဗုဒ္ဓဟောကြားတော်မူခဲ့ပါတယ်။

ဒီတော့ အထက်လမ်းကို တက်လှမ်းဖို့ကတော့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ သီလဆိုတာက ကိုယ်နှင့် နှုတ်ကို စောင့်ထိန်းခြင်းလို့ဆိုပါတယ်။ ကိုယ်ဖြင့် ကာယဒုစရိုက်သုံးပါးကို မလွန်ကျူးမိစေဖို့၊ နှုတ်ဖြင့် ၀စီဒုစရိုက်လေးပါးကို မဖောက်ပြားမိစေဖို့ စောင့်ထိန်းသင့်ပါတယ်။ ဒါကြောင့် လူပုဂ္ဂိုလ်များအနေနဲ့ဆိုရင်လည်း အနည်းဆုံးငါးပါးသီလကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံအောင် မြဲမြံအောင် စောင့်ထိန်းသင့်ပါတယ်။ ရဟန်းပုဂ္ဂိုလ်များအတွက်လည်း ရဟန်းသီလကို မပျောက်ပျက်အောင် စောင့်ထိန်းသင့်ပါတယ်။ အဘိဓမ္မာသဘောအရ ကိုယ်ဖြင့် ပြုလုပ်ခြင်း နှုတ်ဖြင့်ပြောဆိုမိခြင်းဆိုတာတွေဟာ စိတ်ကြောင့်သာ ဖြစ်လာရတာမို့ မိမိရဲ့စိတ်ကို ကောင်းမြတ်တဲ့စိတ်ထားဖြစ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။

စိတ်တွေ အပြစ်ကင်းနေမယ်ဆိုရင်၊ စိတ်တွေသန့်စင်နေမယ်ဆိုရင်၊ စိတ်ထားတွေ စင်ကြယ်နေမယ်ဆိုရင် အလုပ်ကောင်း အပြောကောင်းတွေကို လုပ်မိ ပြောမိလာမှာပါ။ အလုပ်ကောင်းတွေ အပြောကောင်းတွေ ပြောဆိုမိလာပြီဆိုရင်လည်း အပြစ်ကင်းတဲ့ သီလကုသိုလ်တွေ ပြုလုပ်ရာ စောင့်ထိန်းရာရောက်တဲ့အတွက်ကြောင့် အထက်လမ်းကို မုချ ရောက်ရှိမှာသေချပါတယ်။

သေမင်းနဲ့ အချိန်းအချက် ရက်အတိအကျမရှိတာကြောင့် အချိန်မရွေးသေခြင်းတရားနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒီတော့ မကောင်းတဲ့ အလုပ်တွေလုပ်နေရင်း၊ မကောင်းတဲ့ စကားတွေ ပြောဆိုရင်း အပြစ်မကင်းတဲ့ အတွေးတွေ တွေးကြံနေရင်းသာ တစ်နေ့တာကို အချိန်မကုန်စေသင့်ပါဘူး။ တွေးမိ ပြောမိ လုပ်မိနေတယ်ဆိုရင်လည်း သတိတရားလေးကပ်ပြီး ချက်ချင်း ပယ်ဖျောက်နိုင်အောင် ကြိုးစားအားထုတ်ရပါမယ်။ မကောင်းတဲ့ အလုပ်တွေကို ပယ်ဖျောက်ပြီးတဲ့နောက်မှာတော့ ချက်ချင်းပဲ ကောင်းတဲ့ အလုပ်တွေ၊ အကျိုးရှိတဲ့ ကောင်းတဲ့ စကားတွေ ကောင်းမြတ်တဲ့ အတွေးတွေကို တွေးဖို့ ပြောဖို့ လုပ်ဖို့လိုပါတယ်။

လောကကြီးကို စိတ်ကဦးစီးဦးဆောင်ပြုနေတယ်ဆိုတော့ အဓိကကတော့ စိတ်ကိုသာ စင်ကြယ်အောင် အမြဲတမ်း သီလတရားနဲ့ ဆေးကြောဖို့ သန့်စင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

မိမိဟာ လမ်းစုံတစ်နေရာမှာ ရောက်ရှိနေပါပြီ……..။ အဆင်းလမ်းကို လျှောက်လှမ်းချင်စိတ်ရှိတယ်ဆိုရင်တော့ အဆင်းလမ်းကို သင်ရွေးချယ် လျှောက်လှမ်းလို့ရပါတယ်။ အထက်လမ်းကို တက်လှမ်းဖြတ်သန်းချင်တယ်ဆိုရင်တော့ မိမိရဲ့စိတ်လေးကို အပြစ်ကင်းတဲ့စိတ်၊ သန့်ရှင်းတဲ့ စိတ်၊ မပျက်စီးတဲ့စိတ်လေးဖြစ်စေပြီး ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့ လုပ်ငန်းတွေကို ပြုလုပ်လိုက်ဖို့ပါပဲလေ…………။

No comments:

Post a Comment