နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဖုဒ္ဓဿ

Friday 9 September 2011

အရှင်ကောဏ္ဍညမထေရ်မြတ်၏နှလုံးကောင်းစိတ်မြတ်


သူတော်ကောင်းစိတ်ထား၊ စိတ်ကောင်းနှလုံးကောင်းဆိုတာနဲ့ ပတ်သက်ပြီး မြတ်ဗုဒ္ဓရဲ့ တပည့်ဦးဖြစ်တဲ့
အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးရဲ့ စိတ်ထားဟာ လေးစားစံပြု အတုယူလောက်ပါပေတယ်။
အရှင်ကောဏ္ဍညမထေရ်မြတ်ကြီးဆိုတာ အများသိကြပြီးဖြစ်တဲ့အတိုင်း မြတ်စွာဘုရားရှင်ရဲ့ တပည့်ဦးကြီး
(အဦးဆုံးတပည့်)ဖြစ်တဲ့အတွက် "ရတ္တညု" လို့ခေါ်တဲ့ ရဟန်းပြုခဲ့တဲ့ နေ့ရက်၊ ညဥ့်တွေကို သိနိုင်စွမ်းတဲ့
ပုဂ္ဂိုလ်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ မထေရ်မြတ်ကြီးပါ။
မြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုဦးမှာ အရှင်ကောဏ္ဍည အမှူးပြုတဲ့
ပဉ္စ၀ဂ္ဂီငါးပါး ရဟန်းအဖြစ်ရောက်တယ်။ နောက်တော့ ၀ါတွင်းကာလမှာပဲ ယသသူဌေးသား အမှူးဖြစ်တဲ့
သူငယ်ချင်း(၅၅)ယောက် ရဟန်းအဖြစ်ရောက်တယ်။ ၀ါကျွတ်ပြီးလို့ တပို့တွဲလဆန်းထဲရောက်တော့ ရသေ့
ညီနောင် ရှင်တစ်ထောင်တို့လည်း ရဟန်းအဖြစ်ရောက်ကြပြီး လက်ဝဲရံ လက်ယာရံဖြစ်ကြတဲ့ အရှင်မဟာ
မောဂ္ဂလာန်နဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်နှစ်ပါးတို့လည်း သာသနာ့ဘောင်ရောက်လာကြလို့ သာသနာ
တော်မှာ အဂ္ဂသာဝက(အမြတ်ဆုံးတပည့်နှစ်ပါး)၊ မဟာသာဝက(ထေရ်ကြီးဝါကြီးတပည့်များ)၊ ပကတိ
သာဝက(အခြားတပည့်များ)ပါ စုံညီလာကြတယ်။
သာသနာတော်ရဲ့ ထုံးစံအရ မြို့ရွာတွင်း ဆွမ်းခံကြွချိန်မှာတော့ ဘုရားရှင်နောက်တော်က ထေရ်စဉ်ဝါစဉ်
အလိုက် စီတန်းကြွကြပါတယ်။ ပရိသတ်အများနဲ့ ညီမူ(ထိုင်နေ)တော်မူတဲ့အခါမှာတော့ ဘုရားရှင်က
အလယ်ဗဟို ဓမ္မပလ္လင်နေရာမှာထိုင်ပြီး လက်ယာဘက်ကတော့ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာမထေရ်၊
လက်ဝဲဘက်ကတော့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ထိုင်နေတော်မူရတယ်။ အဲဒီနောက်ကမှ အရှင်
ကောဏ္ဍညမထေရ် အမှူးပြုတဲ့မဟာသာဝက၊ ပကတိသာဝကတို့ ရဟန်းသိက္ခာအစဉ်အတိုင်း ထိုင်နေ
တော်မူရတာဖြစ်ပါတယ်။
သာသနာ့ထုံးစံအရသာ နေရာယူကြရပေမယ့် သာသနာတော်မှာ အစဦးဆုံး သစ္စာလေးပါးကိုသိတော်
မူတဲ့ မထေရ်မြတ်ကြီးလည်းဖြစ်၊ သက်တော်အရလည်းကြီးရင့်တဲ့ အရှင်ကောဏ္ဍညမထေရ်မြတ်ကြီးအပေါ်
လေးစားကြည်ညိုရင်းကလည်း ရှိကြလေတော့ အရှင်မြတ်ကြီးရှေ့မှာ အဂ္ဂသာဝကနှစ်ပါးတို့က နေရာယူ
ပြီး ထိုင်ရမှာကို မ၀ံ့မရဲ ရှက်နိုးအားနာ ဖြစ်ကြတယ်။
ဒါကိုသိပြီး အရှင်ကောဏ္ဍညမထေရ်မြတ်ကြီးက "အဂ္ဂသာဝက မထေရ်မြတ်ကြီးတို့ဆိုတာ ပါရမီဖြည့်
ရတဲ့ ကာလအားဖြင့်ကြည့်ရင်လည် တစ်သင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ဆည်းခဲ့ရတာ။ မြတ်စွာ
ဘုရားရှင်ပြီးရင် သာသနာတော်မှာ ပါရမီကာလ အရှည်ကြာဆုံး(ဘုရားရှင်တို့ရဲ့လေးပုံတစ်ပုံကာလ)
ဖြည့်ရတယ်။ ပါရမီဓာတ်ခံကြီးမားကြသလို သာသနာအကျိုး၊ လောကအကျိုးဆောင်ရွက်နိုင်စွမ်းအရကြည့်
ရင်လည်း ဘုရားရင်ပြီးရင် အစွမ်းနိုင်ဆုံးပုဂ္ဂိုလ်မြတ်တွေဖြစ်တယ်။ ဒီလို ဆောင်ရွက်နိုင်စွမ်းရှိကြတဲ့ပုဂ္ဂိုလ်
တွေ င့ါကြောင့် မ၀ံ့မရဲ ရှက်နိုးအားနာနဲ့ နေခက်၊ ထိုင်ခက် မဖြစ်သင့်ဘူး" လို့စဉ်းစားတယ်။
ပြီးတော့ မထေရ်မြတ်ကြီးက ဘုရားရှင်ရဲ့ တပည့်ဦးကြီးဖြစ်တဲ့အတွက် လူ၊ နတ်၊ ဗြဟ္မာ ပရိသတ်တို့
ကလည်း ၀င်ရောက်ပူဇော်လေ့ရှိကြတယ်။ ဒီလိုလာရောက်ဆည်းကပ်ကြတဲ့အခါ သာသနာ့ထုံးစံအရ
တရားစကားဟောကြားမှု၊ အစေ့အစပ်စကားပြောကြားမှု တစ်ခုခုကို ပြုလုပ်ရမယ့်တာဝန်က ပိုလာပြန်
တယ်။ မထေရ်မြတ်ကြီးက သက်တော်ကြီးရင့်လာပြီဖြစ်တဲ့အတွက် ဖလသမ္မာပတ်ချမ်းသာနဲ့သာ နေရတဲ့
အရိယ၀ိဟာရကို အလေးဂရုပြုပြီး နေတော်မူလိုတယ်။
ဒီအကြောင်းတရားနှစ်မျိုးကို အကြောင်းပြုပြီး လူသူလေးပါးနဲ့ရောပြွန်းခြင်းမရှိတဲ့ ဆဒ္ဒန်နအိုင်အနီးသွား
ရောက်နေထိုင်ခွင့်ပြုဖို့ မြတ်စွာဘုရားရှင်ထံ ခွင့်ပန်ပြီး ဆဒ္ဒန်အိုင်အနီးက မဏ္ဍာကိနီရေကန်ဆိပ်ကမ်းမှာ
ဧကစာ သွားရောက်သတင်းသုံးနေပါတယ်။
အဲဒီအရပ်ဟာ ပစ္စေကဗုဒ္ဓအရှင်မြတ်တို့ အစဉ်အဆက် နေလေ့ရှိတဲ့အရပ်ဖြစ်လို့ အဲဒီမှာရှိတဲ့ ဆင်
ပေါင်းရှစ်ထောင်တို့က အရိယာသူတော်စင်များကို ချိုးရေ၊ သုံးရေ၊ သစ်သီးဝလံများနဲ့ပါ ဆက်ကပ်လုပ်
ကျွေးတတ်တယ်။ အနီးအပါးက ဟိမ၀န္တာကေလာသတောင်မှာရှိတဲ့ နာဂဒတ္တနတ်သားကလည်း ထောပတ်
နို့ဆွမ်းတို့နဲ့ ဆက်ကပ်လှူဒါန်းပါတယ်။ မထေရ်မြတ်ကြီးဟာ အဲဒီအရပ်မှာပဲ ၁၂ နှစ်ပတ်လုံးနေထိုင်ပြီး
အာယုသင်္ခါရလွှတ်ခါနီးမှသာ မြတ်စွာဘုရားထံလာရောက်ပြီး"တပည့်တော် ကောဏ္ဍညဖြစ်ပါတယ်ဘုရား"
လို့ မိမိအမည်ကို ထုတ်ဖော်လျှောက်ကြားကန်တော့ပါတယ်။
အမည်ကို ထုတ်ဖော်လျှောက်ကြားတာကတော့ မသိမမီကြတဲ့ ရဟန်းငယ်များက အကြောင်းမသိတဲ့
အတွက် ဘယ်ကရဟန်းအိုကြီးလဲ လို့တွေးပြီး စိတ်ထဲကပြစ်မှားကြမှာ စိုးလို့ပါတဲ့။ မြတ်စွာဘုရားကို
နောက်ဆုံးကန်တော့ခြင်းနဲ့ ကန်တော့ပြီးတဲ့အခါ မိမိသီတင်းသုံးနေတဲ့ မဏ္ဍာကိနီအိုင်ကိုပဲ ပြန်ကြွပြီး
ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။
မိမိအတွက် ကျော်စောသတင်း ပူဇော်သက္ကာကို လုံးဝမငဲ့ကွက်ဘဲ သာသနာတော်အကျိုးအတွက်
ညီတော်ငယ်တွေ အနေမခက်စေရအောင် ကျင့်ဆောင်တော်မူတဲ့ မထေရ်မြတ်ကြီးရဲ့စိတ်ထားဟာဖြင့်
တွေးလိုက်တိုင်း ကြည်နူးရသလို ကိုယ်ကျိုးမဖက်ဘဲ လောကကျိုး၊ သာသနာကျိုးကို တကယ်သယ်ပိုး
သူတိုင်း အားကျလိုက်နာ အတုယူစရာကောင်းလှတဲ့ နှလုံးကောင်းစိတ်မြတ်ဖြစ်ပါတယ်။
သူတော်ကောင်းစိတ်ထားဆိုတာ လောကကျိုး၊ သာသနာအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့
စိတ်ထားမျိုးဖြစ်ပါကြောင်း၊ ယခုစာဖတ်နေသည့် သူတော်ကောင်းအပေါင်းတို့အနေဖြင့် အရှင်ကောဏ္ဍည
မထေရ်မြတ်ကြီး၏ သူတော်ကောင်းစိတ်မြတ်အား ကြည်ညိုပူဇော်နိုင်စေရန် ဤစာဖြင့်ပူဇော်၍ တင်ပြ
အပ်ပါသည်။

No comments:

Post a Comment